တရားကျင့်သူတို့၏စိတ်ထား

တရားကျင့်သူတို့၏စိတ်ထား

"ဓနံ စဇေ အင်္ဂဟေတု -- ပ-- ဓမ္မပစ္စယာ"  စသည်နှင့်အညီ ပစ္စည်းဥစ္စာနှင့် မိမိ၏အင်္ဂါခြေလက်တို့တွင် တစ်ခုခု စွန့်ရမည် ဆိုလျှင် မိမိ၏ အင်္ဂါခြေလက်ကို မစွန့်ပဲ ပစ္စည်းဥစ္စာကိုသာ အဆုံးရှုံးခံစွန့်လိမ့်မည်။ မိမိ၏ အင်္ဂါခြေလက်နှင့် မိမိ၏ အသက်တို့တွင် တစ်ခုခု စွန့်ရမည် ဆိုလျှင် မိမိ၏အသက်ကို မစွန့်၊ မိမိ၏ အင်္ဂါခြေလက်ကိုသာ အဆုံးရှုံးခံ စွန့်လိမ့်မည်။

မိမိ၏အသက်ကို မည်သည့်သတ္တဝါမှ စွန့်လွှတ်လိမ့်မည်မဟုတ်။ သို့သော် မဂ်ဖိုလ်ရမည်ဆိုလျှင် မိမိ၏အသက်ကို စွန့်လွှတ်၍ ကျင့်ရမည်ဟု ဘုရားမြတ်စွာ ဟောတော်မူထားသာကြောင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို အလိုရှိသော ယောဂီသည် မိမိအလိုရှိသော မဂ်ဖိုလ်ကို ရမည်ဆိုလျှင် ကိုယ်အင်္ဂါ အစိတ်အပိုင်း အသွေး၊ အသား၊ အကြော၊ အရိုးတို့ ပျက်စီးဆုံးရှုံးခံရုံတင်မက မိမိ၏ အသက်ကိုပါ စွန့်၍ ကျင့်နိုင်ရမည်။ ထိုကဲ့သို့သော ခံယူချက်၊ သဒ္ဓါ၊ ဆန္ဒနှင့် ပြည့်စုံမှု ရှိရမည်။ တရားအပေါ်၌ ခံယူချက် တရားကျင့်မည့်ယောဂီသည် တရားမကျင့်မီ တရားအပေါ်၌ ခံယူချက် ပြည့်ဝမှုရှိမှသာလျှင် တရားကျင့်ရာ၌ ပေါက်မြောက်အောင်မြင်သည်။ ဣဒ္ဓိပါဒ်တရားလေးပါး ပြည့်စုံမှု ရှိရမည်။ ပါရမီရရုံသဘောမျှဖြင့် ခံယူကာ တရားကျင့်လျှင် မဂ်ဖိုလ် မရနိုင်။ ပုထုဇဉ်တို့ဓလေ့ဖြစ်သော ပြိုင်ဆိုင်မှု၊ ဂုဏ်ယူလိုမှု၊ မနာလိုမှု၊ ထောင်လွှားလိုမှု၊ အကြည်ညိုခံလိုမှု စသော တရားနှင့် မလျော်ညီသော စိတ်များဖြင့် တရားကျင့်လျှင် မဂ်ဖိုလ် မရနိုင်။ မဂ်ဖိုလ်နှင့် သင့်လျော်သည့် စိတ်များမွေးမြူကာ တရားကျင့်ရမည်။ ရဟန်းငယ်သုံးပါးတို့၏ ဆရာ့အပေါ်၌ ယုံကြည်မှု သီဟိုဠ်နိုင်ငံ၌ သာသနာ ထွန်းလင်းတောက်ပစဉ်က စူဠပိဏ္ဍပါတိကတိဿမထေရ်ထံ တရားကျင့်လိုသည့် ယောဂီရဟန်းငယ်သုံးပါး ရောက်ရှိလာသောအခါ ထိုရဟန်းသုံးပါးအား မထေရ်ကြီးက ဆရာသမားနှင့် ကမ္မဋ္ဌာန်း တရားအပေါ် မည်မျှလောက် ယုံကြည်ကိုးစား အားထားကြောင်း မေးစမ်းတော်မူ၏။ ပထမရဟန်းငယ်က အရှင်ဘုရား အတွက် အကျိုးရှိမည်ဆိုလျှင် ဘုရားတပည့်တော်သည် အလွန်တရာ နက်သည့် အသူတရာချာက်ထဲ ခုန်ချပေးဝံ့ပါသည် ဘုရားဟု ပြန်လျှောက်ထားပါသည်။ ဒုတိယရဟန်းငယ်က အရှင်ဘုရား အတွက် အကျိုးရှိမည်ဆိုလျှင် ဘုရားတပည့်တော်၏ တစ်ကိုယ်လုံးကို အမှုန့်ပြုပေးဝံ့ပါသည် ဘုရား။ ဖနောင့်ကစ ခေါင်းသို့ကျအောင် ကျောက်ပြင်ပေါ်၌ သွေးလှူ၍ ရမည်ဆိုလျှင်လည်းလှူဝံ့ပါသည် ဘုရား။ တတိယရဟန်းငယ်က အရှင်ဘုရား အတွက် ဆေးဝါးအဖြစ် အသုံးပြုလိုက အကျိုးရှိမည်ဆိုလျှင် ဘုရားတပည့်တော်၏ ဝင်သက် ထွက်သက်ကို ပိတ်ဆို့ပြီး သေဝံ့ပါသည် ဘုရားဟု လျှောက်ထားကြသည်။

ဤကဲ့သို့ တရားကျင့်သောယောဂီသည် မိမိအား ကမ္မဋ္ဌာန်းနည်းပေးသော ဆရာအပေါ်၌ အသက်ကို စွန့်၍ အားကိုးသော ယုံကြည်ချက်၊ မိမိတရားကျင့်ရာ၌ အသက်ကို စွန့်နိုင်သော သဒ္ဓါ ဆန္ဒ ပြည့်ဝမှသာလျှင် မဂ်ဖိုလ် ရနိုင်မည်ဖြစ်သည်။ ဆရာနှင့်တရားအပေါ် ဈေးဆစ်နေသော ပုဂ္ဂိုလ်များနှင့် မိမိအသက်ငဲ့ကွက်သော ပုဂ္ဂိုလ်များအတွက် မဂ်တရားဖိုလ်တရား ဖြစ်လာမည်မဟုတ်ပေ။ ယခုခေတ်အခါ သည်ဤကဲ့သို့ မဟုတ်တော့ပေ။ ဗာဟိယဒါရုစီရိယ၏ ခံယူချက် ကဿပမြတ်စွာဘုရား သာသနာနောက်ပိုင်း ကာလ၌ ရဟန်း(၇)ပါးတို့သည် တောင်ကလပ်ပေါ် တက်၍ တရားကျင့်ရာတွင် ပြန်လမ်းရှိလျှင် အသက်၌ ငဲ့ကွက်မှုရှိ၍ ရသင့်သော မဂ်ဖိုလ်တရားမှ ဆုံးရှုံးမည်ကို စိုးရိမ်ရကား ရဲရဲတောက် စိတ်ထားရှိကြကာ အပြန်လမ်းတောင်တက်လှေကားကို စွန့်ပစ်လိုက်ပြီးအသက်၌ ငဲ့ကွက်မှုမရှိပဲ "လူသေလျှင် သေ၊ မသေလျှင် တရားရ" ရမည်ဟူသော သဒ္ဓါ ဆန္ဒ စသည့် ခံယူချက်ဖြင့် တရားကျင့်ကြသည်။ ထိုကဲ့သို့ တရားကျင့်ရာတွင် ဆွမ်းမစား ရေမသောက် သက်စွန့်ကြိုးပမ်းအားထုတ် ကြခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန် လိုချင်သောကြောင့်ဖြစ်သည်။ အသက်စွန့် ကျင့်ရကျိုးနပ်ပါသည်။ အကြီးဆုံး မထေရ်သည် (၃)ရက်မြောက်၌ အသက်မသေပဲ အရဟတ္တမဂ်ကူးကာ ရဟန္တာဖြစ်လေသည်။ ဒုတိယမြောက် အနုထေရ်လည်း (၅)ရက်မြောက်၌ သက်စွန့်ကြိုးပမ်း စွန့်လွှတ်အားထုတ်မှု၏ ဆုလာဘ်အဖြစ် အနာဂါမိမဂ်သို့ ကူးမြောက်ခဲ့ဖူးလေသည်။ကျန်မထေရ်(၅)ပါးတို့မှာမူ ရဟန္တာနှင့် အနာဂါမ်မထေရ်တို့ ဆွမ်းခံကျွေးသည့် ဆွမ်းကိုပင် လက်မခံပဲ အသက်စွန့် တရားကျင့်ခဲ့လေသည်။ ထိုသို့ကျင့်သော်လည်း ထိုဘဝ မဂ်ဖိုလ်မရကြပဲ အသက်ခန္ဓာဝန် ချခဲ့ကြ ရသည်။ "ကိုယ်နှင့်အသက်မငဲ့ကွက်မူ၍ တရားကျင့်ခဲ့သော ထိုရဟန်း(၅)ပါးတို့၏ တရားကျင့်မှုသည် ပါရမီမြောက် ကျင့်မှုဖြစ်သဖြင့် ၎င်းပါရမီဥပနိဿယ အရှိန်ကြောင့် ယခု ဂေါတမမြတ်စွာဘုရား သာသနာတွင် လွယ်ကူစွာ အရဟတ္တဖိုလ်ပေါက် ရောက်ရှိရခြင်း ဖြစ်သည်။

တရားကျင့်မည့်ယောဂီသည် ထိုရဟန်း(၇)ပါးတို့ကဲ့သို့ အသက်ကိုစွန့်၍ တရားအားထုတ်လိုသည့် သဒ္ဓါ ဆန္ဒ၏ ခံယူချက်များ အပြည့်အဝထားပြီး တရားကျင့်မှ မဂ်ဖိုလ် နိဗ္ဗာန်တရားရမည် ဖြစ်သည်။ သို့မဟုတ်လျှင် သာသနာနှင့် ကြုံသာကြုံ၍ နိဗ္ဗာန်နှင့် လွဲကာ သံသရာဝဲ0x100သဃ အတွင်းမှ မလွတ်မြောက်နိုင်ပဲ မိမိနှမြောလှသည့် အသက် မည်မျှသေဆုံးရမည်ကို မသိနိုင်တော့ပြီ။ ယခု သာသနာမှာ တစ်ဘဝ တစ်ခန္ဓာ အသေခံ(သို့) အနာခံ ရင်းနှီးစိုက်ထုတ်၍ ဆရာကောင်း နည်းကောင်းဖြင့် ကျင့်နိုင်ပါက အပါယ်ဒုဂ္ဂတိခန္ဓာ ရ၍ ဒုက္ခခံစားရမှု၊ ထိုဒုက္ခခန္ဓာတွေ့ရပြီး ခဏခဏ သေရမှု၊ သူတပါး အသတ်ခံရမှုမှ သေချာပေါက် လွတ်မြောက်မည်။ လက်ရှိ ပစ္စုပ္ပန်ခန္ဓာနှင့် အပါယ်ဒုဂ္ဂတိခန္ဓာ မြောက်များစွာကို အလဲအလှယ် ပြုလုပ်ရမည်။ ထို့ကြောင့် တရားကျင့်မည့်ယောဂီသည် ဆရာကောင်းနည်းကောင်း တွေ့ရှိလျှင် အသက်ကိုပါစွန့်၍ ကျင့်နိုင် ရမည်။

သတ္တိယာဝိယ 0x100သမဋ္ဌော၊
ဒယှမာနောဝ မတ္တကေ။
သက္ကာယဒိဋ္ဌ ပဟာနာယ၊
သတော ဘိက္ခု ပရိဗ္ဗဇေ။

သတ္တိယာ၊ အသွားထက်လှ သံလှံမကြီးဖြင့်။ 0x100သမဋ္ဌောဝိယ၊ ရင်ကို စူးစိုက် အထိုးခံလိုက်ဘိ သကဲ့သို့လည်းကောင်း၊ မတ္တကေ၊ ဦးခေါင်းထက်၌။ ဒယှမာနောဝ၊ ဟူးဟူးပြောင်ပြောင် မီးလောင်သည့် ဘေးမှ လွတ်ရန် အလွန် အရေးကြီးဘိသကဲ့သို့လည်းကောင်း၊ သတော ဘိက္ခု၊ သတိ ပညာ ထင်စွာပြုတတ် ယောဂီမြတ်သည် သက္ကာယဒိဋ္ဌိံ၊ ဘဝများစွာ သံသရာမှာ စူးဝင်ဖိသတ် အပါယ်လေးရပ်သို့ ကျတတ်စေသည့် ဒိဋ္ဌိဘေးကြီးကို ပဟာနာယ၊ မြတ်သောတာပန်ဓာတ် မဂ္ဂင်မြတ်ဖြင့် အမြစ်ပယ်နုတ်ခြင်းငှာ ပရိဗ္ဗဇေ၊ အပျင်း အဖျင်း ရှောင်တိမ်းခြင်းတို့ကို ပယ်ခွါ၍ မြန်မြန်ကြီး အားထုတ်စေကုန်ရာသတည်း။

ထိုဒေသနာတော်ကို သုံးသပ်ကြည့်လျှင် ရင်ဝကို လှံဖြင့် အထိုးခံ ထားရသောကြောင့်ပြင်းထန်သော နှိပ်စက်မှု အနိဋ္ဌ သဘောဆောင်သည့် ဒုက္ခဝေဒနာ ဖြစ်ပေါ်ခြင်း၊ ရူပကာယ ဓာတ်ကြီးလေးပါးအား ပြင်းထန်သော ဖောက်ပြန်မှုဖြစ်သည့် မြွေဆိပ်များနှင့် တူသော ဦးခေါင်း၌ မီးရှို့ခြင်း နှိပ်စက်မှု အနိဋ္ဌ သဘောဆောင်သည့် ဒုက္ခဝေဒနာ ဖြစ်ပေါ်ခြင်း တို့ကို ပုထုဇဉ်တို့၏ စိတ်၌ ငါ့ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ နာကျင်နေပြီဟူသော ရူပကာယ သက္ကာယဒိဋ္ဌိစွဲကြီး ဖြစ်ပေါ်လာသည်။ ဝေဒနာက္ခန္ဓာကို အကြောင်းခံ၍ ဒေါသ(ဝီတိက္ကမ ပရိယုဋ္ဌာန) စိတ်၊ လွတ်လိုမှုလောဘ (ဝီတိက္ကမ ပရိယုဋ္ဌာန) စိတ် စသော နာမ်ကြမ်းဖြစ်သည့် အကုသိုလ်စေတနာများ ဖြစ်ပေါ်လာသည်။ ဆင်းရဲမီးများလည်း တဟုန်းဟုန်း တောက်လာသည်။လှံကျွတ်ဖို့ ပြုလုပ်ရန်နှင့် မီးလွတ်ဖို့ပြုလုပ်ရန်ထက် ရုပ်တရားသက္ကာယပေါ်၌ ငါ့ကိုယ်ဟူ၍ စွဲယူထားသော သက္ကာယဒိဋ္ဌိစွဲ ပြုတ်ရန်နှင့် ဝေဒနာ(ခံစားမှုနာမ်) သက္ကာယပေါ်၌ ငါခံစားသည်ဟုစွဲယူထားသော သက္ကာယ ဒိဋ္ဌိစွဲ ပြုတ်ကြောင်း အကျင့်သည် အရေးကြီးဆုံး အလုပ်ဖြစ်ကြောင်း မြတ်စွာဘုရားက ဟောကြား ထားပါသည်။ ဤဒေသနာတော် အရ လောက၌ လူသားတို့သည် နေ့စဉ်နှင့်အမျှ လှုပ်ရှားသွားလာ ပြုလုပ်ရှာဖွေ နေမှုတို့သည် ခန္ဓာကိုယ်နှိပ်စက်မှုအမျိုးမျိုးဒဏ်မှ ကာကွယ်ရန်အတွက် အရေးတကြီး ပြုလုပ်နေကြရသည်။ ထိုအရေးထက်ပင် ရင်ဝ၌ စူးသောလှံ နှုတ်ရန်နှင့် ဦးခေါင်း၌ မီးလောင်နေမှု ငြိမ်းသတ်ရန်က ပိုအရေးကြီးသည်။ ထိုစူးနေသော လှံကိုနှုတ်ဖို့နှင့် လောင်နေသောမီးကို ငြိမ်းသတ်ဖို့ထက် စိတ်၌ ကပ်ရောက်နေသော သက္ကာယဒိဋ္ဌိကို ပယ်ခွာဖို့က ပို၍ အရေးကြီးဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရင်ဝ၌လှံစူးခြင်း၊ ဦးခေါင်း၌မီးလောင်ခြင်းတို့သည် တစ်ဘဝ တစ်ခန္ဓာသာ ဒုက္ခ(ဆင်းရဲ) ရောက်မည်။ စိတ်၌ ကပ်နေသော သက္ကာယဒိဋ္ဌိကို မဖြုတ်နိုင်ပါက ဘဝမဆုံး မသုဉ်း ခန္ဓာဒုက္ခ ရရှိကာ သေမင်း၏ သတ်ခြင်းကို အဖန်ဖန် အထပ်ထပ် ခံရတော့မည်။ ငရဲ၊ ပြိတ္တာ၊ တိရစၦာန် စသော ဘဝခန္ဓာ ရခဲ့လျှင် ရရှိမည့် ဒုက္ခဒဏ်ချက်များမှာ မည်မျှ ပြင်းထန်၍ မည်မျှအချိန်ကြာမည်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ထို့ကြောင့် တရားကျင့်သော ယောဂီသည် သက္ကာယဒိဋ္ဌိ ဘေးဆိုးကိုမြင်၍ ထိုဘေးတို့မကြာက်ရွံ့ပြီး မဖြစ်မနေ လွတ်အောင်ကျင့်ရမည်ဟူသော "ရည်ရွယ်ချက်၊ ခံယူချက်၊ သဒ္ဓါ ဆန္ဒ" ထားရှိပြီး တရားကျင့်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဆရာကောင်း၊ နည်းကောင်းရပြီဆိုလျှင် ပြင်းထန်သော ဇွဲလုံ့လတို့ဖြင့် မလျှော့တမ်း ကျင့်ရမည်ဟု ဆိုလိုသည်။

ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသောသူနာသည် ပြုစုခက်သူဖြစ်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ-(အနာရောဂါအား) မလျော်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။ (အနာရောဂါအား) လျော်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်။ ဆေးကိုမှီဝဲခြင်းမရှိ။ အကျိုးကို လိုလားသော သူနာပြုအား ဟုတ်တိုင်းမှန်စွာ တိုးသည်ကို "တိုး၏"ဟူ၍ ၎င်း ဆုတ်သည်ကို "ဆုတ်၏"ဟူ၍ ၎င်း တန့်သည်ကို "တန့်၏"ဟူ၍ ၎င်း အနာရောဂါကို ထင်စွာမပြုတတ်။ ဖြစ်ပေါ်လာသည့် ပြင်းထန်ကြမ်းကျုတ် စပ်ရှားကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်၍ အသက်သေလောက်သည့်ကိုယ်၌ ဖြစ်သောဆင်းရဲဝေဒနာတို့ကို သည်းမခံနိုင်သော သဘောရှိ၏။ ရဟန်းတို့ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသောသူနာသည် ပြုစုရလွယ်သူဖြစ်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ- (အနာရောဂါအား) လျောက်ပတ်သည်ကို ပြုတတ်၏၊ (အနာရောဂါအား) လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိ၏၊ ဆေးကို မှီဝဲခြင်းရှိ၏၊ အကျိုးစီးပွားကို လိုလားသော သူနာပြုအား ဟုတ်တိုင်းမှန်စွာ တိုးသည်ကို "တိုး၏"ဟူ၍ ၎င်း ဆုတ်သည်ကို "ဆုတ်၏"ဟူ၍ ၎င်း တန့်သည်ကို "တန့်၏"ဟူ၍ ၎င်း အနာရောဂါကို ထင်စွာပြုတတ်၏ ။ဖြစ်ပေါ်လာသည့် ပြင်းထန်ကြမ်းကြုတ် စပ်ရှားကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ် ဖြစ်၍ အသက်သေလောက်သည့် ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောရှိ၏။ ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသောသူနာသည် ပြုစုရလွယ်သူဖြစ်၏ ဟု (မိန့်တော်မူ၏။) အထက်ပါသုတ်တော်လာအရ တရားကျင့်သောယောဂီတို့သည် တရားကျင့်ရာတွင် ဆရာစစ်ဆေး မေးမြန်းသောအခါ မိမိဉာဏ်၌ အမှန်မမြင်မှုများ ရှိသေးက မမြင်သည့်အတိုင်း အမှန်မြင်မှုကို အမှန်မြင်သည့် အတိုင်း ရိုးသား မှန်ကန်စွာ ဖြေကြားရမည်။ တရားကျင့်နေစဉ် အတွင်း ဒီကျင့်စဉ်က ကြမ်းတယ် မခံနိုင်ဘူး, ပင်ပန်းတယ်, ကြာတယ်ဟူ၍ မရှိစေရပဲ မဂ်နှင့်အသက်လဲနိုင်ရမည်ဟူသော ခံယူချက်၊ အသက်စွန့်ရဲရမည်ဟူသော စိတ်မျိုးထား၍ တရားကျင့်ရမည်ဖြစ်သည်။ တရားထိုင်စဉ် မိမိခန္ဓာမှ နာကျင်မှုများကိုလည်း သည်းခံနိုင်သော စိတ်ထားမျိုးနှင့် တရားကျင့်ရမည်ဖြစ်သည်။

ရတနာအောင် ကျောင်းတော်

မကွေးတိုင်း အောင်လံမြို့၊ တိုက်ခွဲအမှတ် (၃၂)  သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ။

09-24-50011

 

This email address is being protected from spambots. You need JavaScript enabled to view it.