အရှုခံရုပ်နာမ်များ၏သဘောသဘာဝ

အရှုခံရုပ်နာမ်များ၏သဘောသဘာဝ

ဘုရားရှင်သိမြင်စေလိုသော ပရမတ်အရှုခံရုပ်နာမ်တို့၏ သဘာဝနှင့် ဆက်စပ်ပုံတို့ကို တရား ကျင့်သော ယောဂီတို့ သိမြင်လွယ်ရန် ပုံစံနှင့်တကွ ထပ်ဆင့်ရှင်းပြဦးမည်ဖြစ်သည်။

မှတ်ချက် ။  ။ ပုံစံ ( ၁ ) ထည့်ရန်

၁၊၁။  အပိုင်း (က) အပြင်အတိုက်ဓာတ် ခြောက်ပါးနှင့် ခန္ဓာဖြစ်စဉ်
သက်ရှိသတ္တဝါဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ ယေဘုယျအားဖြင့် အဆင်း, အသံ, အနံ့, အရသာ, အတွေ့နှင့် ဓမ္မသဘောဟူသော အာရုံခြောက်ပါး အပြည့်အစုံ ရှိကြပါသည်။ အာရုံခြောက်ပါး ဖြစ်ပေါ်လာပုံ မူရင်းအရှိ သဘောတရားကို သိလိုလျှင် ရုပ်တရားတို့၏နိယာမကို ရှေးဦးစွာ သုတမယပညာ (ကြားခြင်း)၊ စိန္တာမယပညာ (ကြံခြင်း) တို့ဖြင့် နားလည်ထားသင့်ပါသည်။ သို့မှသာလျှင် ဝိပဿနာဘာဝနာပညာဖြင့် ရှုမှတ် ပွားများရာတွင် ခက်ခဲပင်ပန်းမှုမရှိ လွယ်ကူမည်ဖြစ်ပါသည်။ သတ္တဝါတို့ ထိုအာရုံခြောက်ပါး၏ သဘောကို မသိသဖြင့် ထိုအာရုံခြောက်ပါးတို့အပေါ်၌ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါစသည်တိို့ကို အရှိထင်၍ စွဲယူခြင်းတို့ကြောင့် တဏှာ, မာန, ဒိဋ္ဌိတို့ ဖြစ်ကြ၏။

၁၊၁၊၁။ ဗာဟိရာယတနခြောက်ပါး         
အဝိဇ္ဇာဖုံးထားသော (မသိမှုအားကြီးသော) အန္ဓပုထုဇဉ်သတ္တဝါတို့သည် အမှန်ကို အမှန်မသိသဖြင့် အပြင်အာရုံတို့အပေါ်၌ အယူမှား၊ အမှတ်မှား၊ အသိမှားဖြစ်ကာ တဏှာ, မာန, ဒိဋ္ဌိစသော ကိလေသာမီးတောက်နေကြသည်။ ထိုအပြင် အတိုက်ဓာတ်တို့သည် မိမိတို့ခန္ဓာကိုယ်ကို အမြဲတမ်း တိုက်ခိုက်နေသည်။ ထို့ကြောင့် ထိုအပြင်အတိုက်ဓာတ်ခြောက်ပါးကို ဗာဟိရာယတနခြောက်ပါးဟု ခေါ်သည်။ အရူပဗြဟ္မာမှတပါး မည်သည့်ပုဂ္ဂိုလ် သတ္တဝါမဆို အတိုက်ဓာတ်ခြောက်ပါးနှင့် ထိတွေ့ဆက်ဆံနေရသည်။ သတ္တဝါတို့၏စိတ်သည် ထိုအပြင်အတိုက်ဓာတ်တည်းဟူသော အာရုံခြောက်ပါးနှင့် ကင်းသည်ဟူ၍မရှိပေ။ ထိုအာရုံခြောက်ပါးတို့ အပေါ်၌ လိုချင်တပ်မက်မှု လောဘ၊ မကျေမနပ်ဖြစ်မှု ဒေါသ၊ ထိုအာရုံတို့ကိုရရှိရန်ပြုလုပ်မှု သင်္ခါရ၊ ထိုအာရုံ တို့ကို စွဲလမ်းမှု ဥပါဒါန် စသည်တို့ စိတ်၌ ဖြစ်လာကြသည်။ ထို့ကြောင့် ထိုအတိုက်ဓာတ်ခြောက်ပါးတို့ကို စိတ်၏မှီရာ အပြင်အာရုံခြောက်ပါး (သို့) သတ္တဝါတို့အား ကိလေသာနှင့် သံယောဇဉ်တို့ ဖြစ်စေကြောင်း တရား များဟု ခေါ်သည်။ ထိုအာရုံခြောက်ပါးတို့သည် အရူပဗြဟ္မာတို့မှတပါး ပုဂ္ဂိုလ်သတ္တဝါတိုင်း၌ ထင်ရှားရှိကြောင်း အထက်၌ ရေးခဲ့ပြီးဖြစ်သည်။ ထိုသဘောအား ပေါ်လွင်စေရန် "ကြက်တစ်ကောင်အား ဥပမာယူ၍"

အာရုံခြောက်ပါး ခွဲပြရလျှင်-ကြက်တစ်ကောင်၌--

၁။မျက်စိဖြင့် မြင်နိုင်သော (ရုပ်ဝတ္ထု) အဆင်းအာရုံရှိသည်။
၂။နားဖြင့် ကြားနိုင်သော (တွန်သံ, တောင်ပံခတ်သံ) အသံအာရုံရှိသည်။
၃။နှာခေါင်းဖြင့် နံသိနိုင်သော (မွှေးခြင်း နံခြင်း) အနံ့အာရုံရှိသည်။
၄။လျှာဖြင့် စားသိနိုင်သော (ချိုခြင်း) အရသာအာရုံရှိသည်။
၅။မိမိ၏ ကိုယ်ဖြင့် ထိတွေ့နိုင်သော(ပျော့ခြင်း၊ မာခြင်း) အတွေ့အာရုံရှိသည်။
၆။ထိုကြက်၏ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံတို့ကို မနောဖြင့် ကြံစည်စဉ်းစားသည့်အခါ ထိုကြက်သည် သဘောအားဖြင့်သိရသော အာရုံဖြစ်သည်။

၎င်းအာရုံငါးမျိုးကို အတိတ် အနာဂတ် အားဖြင့် ကြံစည်၍ ရသည်။ အထက်ပါသဘောကို ထောက်ရှု၍ သစ်ပင်မျိုးစုံ၊ တိရိစၦာန်မျိုးစုံ၊ လူမျိုးစုံ၊ ရေ, မြေ, နေ, လ စသည်တို့ကို အကျဉ်းချုပ်လိုက်လျှင် အာရုံခြောက်ပါးသာ ရှိကြသည်။ ထိုသဘောကို ညဏ်ဖြင့် သုံးသပ် ကြည့်လျှင် ငါ, သူတပါး, ယောကျာ်း, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါမရှိ၊ သစ်ပင်, တော, တောင်, ရေ, မြေ, သမုဒ္ဒရာမရှိ၊ အာရုံခြောက်ပါးသာရှိ၏ ဟူသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ထိုအာရုံ ခြောက်ပါးတို့တွင် တစ်မျိုး တစ်မျိုး၌ သာယာဖွယ် ဣဋ္ဌဂုဏ်၊ မသာယာဖွယ် အနိဋ္ဌဂုဏ် ဟူ၍ နှစ်မျိုးစီ ရှိကြသည်။

(၁) အဆင်း၏ နှစ်လိုဖွယ်ရာ သဘောသည် ဣဋ္ဌဂုဏ်
    အဆင်း၏ နှစ်လိုဖွယ်ရာ မရှိမှု သဘောသည် အနိဋ္ဌဂုဏ်
(၂) အသံ၏ နှစ်လိုဖွယ်ရာ သဘောသည် ဣဋ္ဌဂုဏ်
    အသံ၏ နှစ်လိုဖွယ်ရာ မရှိမှု သဘောသည် အနိဋ္ဌဂုဏ်
(၃) အနံ့၏ နှစ်လိုဖွယ်ရာ သဘောသည် ဣဋ္ဌဂုဏ်
    အနံ့၏ နှစ်လိုဖွယ်ရာမရှိမှု သဘောသည် အနိဋ္ဌဂုဏ်
(၄) အရသာ၏ နှစ်လိုဖွယ်ရာ သဘောသည် ဣဋ္ဌဂုဏ်
    အရသာ၏ နှစ်လိုဖွယ်ရာမရှိမှု သဘောသည် အနိဋ္ဌဂုဏ်
(၅) အထိအတွေ့၏ နှစ်လိုဖွယ်ရာ သဘောသည် ဣဋ္ဌဂုဏ်
    အထိအတွေ့၏ နှစ်လိုဖွယ်ရာမရှိမှု သဘောသည် အနိဋ္ဌဂုဏ်
(၆) အထက်ပါ အာရုံငါးပါးတို့သည် စိတ်ဖြင့် ကြံစည်တွေးတောရာ အာရုံ (ဓမ္မာရုံ)လည်း ဖြစ်သည်။

ထိုဓမ္မာရုံ၏ နှစ်လိုဖွယ်ရာရှိမှုသဘော ဣဋ္ဌဂုဏ်၊ ဓမ္မာရုံ၏ နှစ်လိုဖွယ်ရာမရှိမှုသဘော အနိဋ္ဌဂုဏ် ဟူ၍ နှစ်မျိုးစီရှိကြပါသည်။ အဆိုပါဂုဏ်နှစ်မျိုးစီရှိသော အာရုံခြောက်ပါးတို့တွင် တမျိုးမျိုးနှင့် ဆက်ဆံမိသည့် အခါ သဘောအမှန်ကိုမမြင်က သတ္တဝါတို့၏စိတ်၌ တဏှာ မာန ဒိဋ္ဌိတို့သည် တိုးပွားလာပါသည်။ ထို့ကြောင့် အာရုံတို့၏ ဣဋ္ဌ အနိဋ္ဌသဘောသည်လည်း အမှန်မမြင်သော သတ္တဝါတို့အား သံသရာ ခန္ဓာတိုးပွားကြောင်း အထောက်အပံ့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တဏှာ, မာန, ဒိဋ္ဌိတရား သုံးပါးသည် သံသရာကို ချဲ့ထွင် တတ်သော ပပဉ္စတရားများ ဖြစ်သောကြောင့် ဖြစ်ပါသည်။ တရားကျင့်သော ယောဂီတို့သည် သံသရာ ပြတ်ကြောင်း အကျင့်၌ အထက်ပါ အာရုံခြောက်ပါးနှင့် ဣဋ္ဌရသ, အနိဋ္ဌရသတို့ကို လက္ခဏာရေးသုံးပါး တင်ရှုရမည် ဖြစ်သည်။ အပြင်အတိုက်ဓာတ်ဖြစ်သော အထက်ဖော်ပြပါ အာရုံတရားတို့သည်လည်းကောင်း၊ မိမိ၏ ရူပကာယ သည်လည်းကောင်း ရုပ်တရားများ ဖြစ်ကြသည်။ ရုပ်ဟူသည် ဖောက်ပြန်ပြောင်းလဲ ပျက်စီးခြင်း အလျင်မပြတ် ရှိနေသည်။ သဘောဆောင်မှုအလိုက် ပထဝီ, တေဇော, ဝါယော, အာပေါဟူ၍ ပညတ်အားဖြင့် ခေါ်ဆို ပါသည်။ ရူပက္ခန္ဓာ၏ အဓိပ္ပာယ်မှာ ယင်းဓာတ်လေးပါးတို့၏ ပေါင်းစုနေမှု ဖြစ်ပါသည်။ ဓာတ်လေးပါး၏ သဘောပရမတ်ကို စင်ကြယ်သော ဥာဏ်ဖြင့်သာ သိနိုင်ပါသည်။ ထိုဓာတ်လေးပါးတို့၏ သဘာဝဓမ္မကို အောက်ပါအတိုင်း နားလည်ပါ။

၁၊၁၊၂။ ဓာတ်လေးပါးတို့၏ ပရမတ်သဘော
ပညတ်အားဖြင့် ခေါ်ဆိုအပ်သော ပထဝီဓာတ်သည် မာမှု, ပျော့မှုသဘော၊ တေဇောဓာတ်သည် ပူမှု, အေးမှုသဘော၊ ဝါယောဓာတ်သည် တွန်းမှု, ကန်မှုသဘော၊ အာပေါဓာတ်သည် ယိုစီးမှု, ဖွဲ့စည်းမှုသဘော။ထိုဓာတ်လေးပါးတို့သည် သက်ရှိသတ္တဝါတို့၌ ကမ္မ, ဥတု, အာဟာရ ဟူသော အကြောင်းတို့နှင့် သက်မဲ့တို့တွင် ဥတု အာဟာရဟူသော အကြောင်းတရားတို့ကို အကြောင်းခံ၍ ဖြစ်လာသော သဘောပင် ဖြစ်ပါသည်။ အဆိုပါအကျိုးတရား ဓာတ်လေးပါးသည် အထက်၌ ဖော်ပြခဲ့ပြီးသည့်အတိုင်း ကိုယ်ပိုင်လက္ခဏာ အသီးသီးရှိကြပါသည်။ အကယ်၍ ထိုဓာတ်လေးပါးတို့သည် တစ်ခုနှင့်တစ်ခု မရောမယှက် တည်ခဲ့မည်ဆိုလျှင် ဒြပ်၊ သဏ္ဌာန်အားဖြင့် ထင်ရှားမရှိပေ။ သို့သော် ထိုဓာတ်လေးပါးတို့သည် တစ်ခုနှင့်တစ်ခု သီးခြားစွာခွဲ၍ ဖြစ်ပေါ်ရိုးမရှိကြပေ။ ဥပါဒ်ဆဲ ဖြစ်ပေါ်လာလျှင်သော် လည်းကောင်း၊ ဘင်္ဂက္ခဏ ပျက်စီးပျောက်ကွယ်သွားလျှင် သော်လည်းကောင်း အတူတကွ ဖြစ်ကြ ချုပ်ကြရပါသည်။ ထိုကဲ့သို့ ဓာတ်ကြီးလေးပါးတို့သည် သီးခြားစီ ဖြစ်ပေါ်ရိုး၊ ချုပ်ကြရိုးမရှိကြပေ။ ထိုဓာတ်လေးပါးတို့သည် သဟဇာတ အညမည, နိဿယ, အတ္တိ အဝိဂတ ငါးပစ္စယသတ္တိဖြင့် အချင်းချင်း ကျေးဇူးပြု ရပ်တည်နေကြောင်းကို "ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ" စသည်ဖြင့် မြတ်စွာဘုရား ဟောထားခြင်း ဖြစ်ပါသည်။ သို့သော် စင်ကြယ်သော ဉာဏ်ဖြင့်ကြည့်လျှင် မဟာဘုတ်လေးပါးတို့၏ သဘောလက္ခဏာ အသီးသီးကို တစ်ခုနှင့်တစ်ခု မရောထွေးစေပဲ ရှုမြင်ရမည် ဖြစ်ပါသည်။မဟာဘုတ်လေးပါးတို့သည် အတူတကွ ဖြစ်ကြ တည်ကြ၍ တပြိုင်တည်းချုပ်၊ ပျက် ကြသောကြောင့် သဘောသတ္တိလေးခု စုပေါင်းမှုဖြစ်လာသောအခါ ဒြပ်မှုန် တစ်ခု ဖြစ်ပေါ်လာပါသည်။ ဒြပ်မှုန်တစ်ခု ဖြစ်လာသည်နှင့်အမျှ ဝဏ္ဏ = အဆင်း၊ဂန္ဓ = အနံ့၊ ရသ = အရသာ (ဂုဏ်)၊ သဇာ = အဆီ၊အစေးတို့သည်လည်း ထိုဒြပ်မှုန် တစ်ခုတွင် တပြိုင်တည်း ထင်ရှားလာပါသည်။
၁၊၁၊၃။ ကလာပမှ ကောဋ္ဌာသ (သို့) ဒြပ်မှသဏ္ဌာန်

(၁) ပထဝီ၊

(၂) တေဇော၊

(၃) ဝါယော၊

(၄) အာပေါ၊

(၅) ဝဏ္ဏ၊

(၆) ဂန္ဓ၊

(၇) ရသ၊

(၈) သဇာ၊

သဘောသတ္တိရှစ်မျိုး ပေါင်းစုထားသော ဒြပ်မှုန်တစ်ခုကို ပရမတ္ထကလာပ (မဖောက်ပြန်သောဒြပ်မှုန်) တစ်ခုဟု ခေါ်ပါသည်။ အဆိုပါဒြပ်မှုန်တခု၏ ဖြစ်တည်ပျက်ပုံကို မည်ကဲ့သို့သော အထောက်အပံ့ကို ယူလျက် ကြည့်ရှု စေကာမူ ပကတိမျက်စိ (ရိုးရိုးမျက်စိ)ဖြင့် လုံးဝမတွေ့မြင်နိုင်ပေ။ သန့်ရှင်းသော ဥာဏ်ဖြင့်သာ တွေ့မြင်နိုင် ပါသည်။ ထိုသဘောသတ္တိရှစ်မျိုးပေါင်းစုမှု ပရမတ္ထကလာပ်မှုန်များ သိန်းပေါင်းများစွာ ပေါင်းစုမိကြ၍ ဒိဗ္ဗစက္ခု (နတ်တို့၏မျက်စိ)ဖြင့် မြင်တွေ့နိုင်လောက်သော ဒြပ်စုပေါင်းမှု တစ်ခုအဖြစ်သို့ ရောက်ရှိလာပါသည်။ ၎င်းကို ပရမာအဏုမြူဟု ခေါ်ပါသည်။ ထိုပရမာအဏုမြူပေါင်း (၃၆)ခုပေါင်းဆုံမိလျှင် လူတို့ ဖန်တီးထားသော မှန်ဘီလူး စသည်ဖြင့် တွေ့မြင်နိုင်လောက်သော ဒြပ်မှုန်အဆင့်သို့ ရောက်ရှိလာပါသည်။ ၎င်းကို အဏုမြူဟု ခေါ်ပါသည်။ ယင်းအဏုမြူပေါင်း (၃၆)ခုတို့ ပေါင်းစုမိကြလျှင် နေရောင်ခံ၍ကြည့်က မြင်ရသောဒြပ်မှုန်တစ်ခု အဖြစ်သို့ ရောက်ရှိလာပါသည်။ ၎င်းကို တဇ္ဇာရီမြူဟုခေါ်ပါသည်။ အဆိုပါ တဇ္ဇာရီမြူမှုန်ပေါင်း (၃၆)ခု ပေါင်းစုမိကြလျှင် မြင်းလှည်း မောင်းသွားသည့်အခါ ကောင်းကင်ယံ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသော ပကတိလူတို့မျက်စိဖြင့် မြင်နိုင်သော ဒြပ်မှုန်အဆင့်သို့ ကြီးထွားလာပါသည်။ ၎င်းကို ရထရေဏုမြူဟု ခေါ်ပါသည်။ ထိုရထရေဏုမြူမှုန်ပေါင်း (၃၆)ခု ပေါင်းစုမိလျှင် ဗိုင်းရပ်ပိုး တစ်ကောင်ခန့်မျှ ကြီးထွားလာ ပါသည်။ ထိုဗိုင်းရပ်ပိုး (၇)ကောင်ခန့် ဒြပ်မှုန်တို့ ပေါင်းစုမိကြလျှင် သန်းဦးခေါင်းခန့်ကြီးသော မြူမှုန်အဖြစ်သို့ ရောက်ရှိလာပါသည်။ ထိုကဲ့သို့ သန်းဦးခေါင်းခန့်မြူမှုန်ပေါင်း မရေမတွက်နိုင်အောင် ပေါင်းစည်းရာမှ (ဆံပင်, မွေးညင်း, အသား, အကြော, အရိုး စသည်) သဏ္ဌာန်အဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ သက်မဲ့အရာဝတ္ထုတို့တွင် လည်း (အခေါက်, အခွံ, အပွေး, အနှစ်) စသည် သဏ္ဌာန်အဖြစ်သို့ ရောက်ရှိလာပါသည်။

ရူပါရုံ။  ။အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသော သဏ္ဌာန်အမျိုးမျိုးကိုပင် သင်္ကေတကွဲပြားစေရန် သက်ရှိသတ္တဝါတို့၌ ပထဝီဓာတ်လွန်ကဲသော သဏ္ဌာန်အစုကို ဆံပင် မွေးညင်း ခြေသည်းလက်သည်း သွား အရေထူ အရေပါး အသား အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, ကျောက်ကပ်, အဆုတ်, အမြှေး, အဖျဉ်း, အူသိမ်, အူမ, အစာသစ်, အစာဟောင်း, ဦးနှောက်ဟူ၍လည်းကောင်း၊ အာပေါဓာတ်လွန်ကဲသော သဏ္ဌာန် အစုကို သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ အဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်ဟူ၍လည်းကောင်း (၃၂)မျိုးခွဲကာ သိရပါမည်။ ထိုနည်းတူ သက်မဲ့တို့တွင်လည်း အခေါက်၊ အခွံ၊ အသီး၊ အစေ့၊ အသား၊ အပွေး၊ အရွက်၊ အမြစ်စသည်ဖြင့် သဏ္ဌာန်ကွဲပြားမှုကို ခွဲခြား၍သိရပါမည်။ အဆိုပါ(၃၂)မျိုးသော သဏ္ဌာန်တို့သည် ပကတိမျက်စိ၌ ထင်ရှားသောကြောင့် ရူပါရုံဟု ခေါ်ဆိုအပ် ပါ၏။  ပို၍ပြည့်စုံအောင် ပြောရလျှင်

(၁) အသီးသီးသော ဓာတ်လေးပါးသည် သဘာဝသတ္တိအဆင့်

(၂) ပရမာအဏုမြူအဆင့်သည် ပရမတ္ထကလာပအဆင့် (ဒြပ်အဆင့်)

(၃) အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ အဆင့်တို့သည် သမူဟကလာပအဆင့် (ဒြပ်အဆင့်)

(၄) အသီးသီးသော (၃၂)ကောဋ္ဌာသအဆင့်သည် သဏ္ဌာန်အဆင့် (ဒြပ်အဆင့်)

ဤသို့ အဆင့်လေးဆင့် ရှိရာတွင် နံပါတ်(၂) ပရမာအဏုမြူအဆင့်သည် အနုစား ရူပါရုံအဆင့်ဖြစ်၍ နံပါတ်(၃) အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ အဆင့်တို့သည် အလတ်စား ရူပါရုံအဆင့်နှင့် နံပါတ်(၄) (၃၂)ကောဋ္ဌာသအစု အဆင့်သည် အကြမ်းစား ရူပါရုံအဆင့်ဖြစ်သည်ကို သဘောပေါက်ရပါမည်။ တနည်း အားဖြင့်ပြောရလျှင် နံပါတ်(၁)အဆင့်သည် သဘာဝသတ္တိအဆင့်မျှသာ ဖြစ်၍ နံပါတ်(၂,၃,၄) တို့သည် ဒဗ္ဗဘာဝ (ဒြပ်) အဆင့် ဖြစ်ပါသည်။ သဘာဝသတ္တိအဆင့်၌ ရူပါရုံဟူ၍ မရှိသေး။ ဓာတုသဘော (စွမ်းအင်သဘော)မျှသာဖြစ်၍ ဒဗ္ဗဘာဝ (ဒြပ်)အဆင့်တို့၌သာ ရူပါရုံဟူ၍ ရှိပါသည်။ သို့သော် ဒြပ်အဆင့်အလိုက် သိပ်မထင်ရှားအဆင့်၊ ထင်ရှားအဆင့်၊ ပေါ်လွင်အဆင့်ဟူ၍ ကွဲပြားစွာ နားလည်ဖို့ လိုပါသည်။

သဒ္ဒါရုံ။ ။ဖော်ပြခဲ့ပြီးသော မဟာဘုတ်လေးပါးတို့ ဖြစ်စဉ်၊ ရင့်ကျက်စဉ်၊ ပေါ်လွင်စဉ်တို့၌ သက်ရှိသတ္တဝါ တို့တွင် စိတ်ကိုအခြေခံ၍ (စိတ်ကြောင့်) သက်မဲ့နှင့် ကမ္မဇရုပ်တို့တွင် ဥတုကို အခြေခံ၍ (ဥတုကြောင့်) သဒ္ဒ အသံရုပ်ဓာတ်သည် ဖြစ်ပေါ်လာရပါသည်။ အနည်းငယ်ရှင်းပြရလျှင် သက်ရှိသတ္တဝါတို့ စကားပြောလို၊ ရယ်မောလို၊ ငိုလိုသော၊ အော်ဟစ်လိုသော စိတ် ဖြစ်ပေါ်လာသည့်အခါ အဆိုပါစိတ်နှင့်ယှဉ်သော ဇောစေတနာသည် စိတ္တဇပထဝီရုပ်ဓာတ်ကို ဖြစ်ပေါ် စေလျက် (ယခင်တင်ပြခဲ့သော)ကံကြောင့် ရှိနှင့်နေပြီးသော ကမ္မဇပထဝီရုပ်ဓာတ်တို့ ထိခိုက်ကြရာမှ သဒ္ဒရုပ် ဟူသော အသံအာရုံ ဖြစ်ပေါ်လာပါသည်။ တခါတရံ သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်ထဲ၌ အလိုအလျောက် ဖြစ်သော (ဝမ်းကျုတ်သံစသည်) အသံများ ဖြစ်ပေါ်နေတတ်၏။ ယင်းအသံကား ဥတုကိုအကြောင်းခံလျက် ကမ္မဇပထဝီဓာတ်တစ်ခုနှင့် ကမ္မဇပထဝီဓာတ်တစ်ခုတို့ အချင်းချင်း ထိခိုက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဝိညာဏကသက်မဲ့တို့တွင် ဥတုကို အကြောင်းခံလျက် ဥတုဇပထဝီဓာတ် အချင်းချင်း ထိခိုက်ကြရာမှ (မိုးချုန်းသံ၊ လေတိုက်သံ စသည်) အသံဓာတ်များ ဖြစ်ပေါ်လာပါသည်။ ဆိုလိုသည်မှာ အသံရုပ်ဓာတ်ဖြစ်မှု အကြောင်းခံ ကွဲပြားသော်လည်း ပထဝီဓာတ် အချင်းချင်း ထိခိုက်မိလျှင် (ဝါ) ထိခိုက်စေလျှင် အသံရုပ်ဓာတ် ဖြစ်သည်ဟု နားလည်ရပါမည်။

ဂန္ဓာရုံနှင့်ရသာရုံ။ ။ဂန္ဓာရုံ=အနံ့ရုပ်ဓာတ်နှင့်ရသာရုံ=အရသာရုပ်ဓာတ်တို့ကားယခင်ပြဆိုခဲ့ပြီးသောပရမတ္ထမြူ အဆင့်ကပင် စတင်၍ ထင်ရှားကြပါသည်။ အဘယ့်ကြောင့်ဆိုသော် မဟာဘုတ်လေးပါး ပေါင်းစည်းမှု ပရမာ အဏုမြူဒြပ် တစ်ခု ဖြစ်ပေါ်လာသည်နှင့်အမျှ ဝဏ္ဏ=အဆင်း၊ ဂန္ဓ=အနံ့၊ ရသ=အရသာ၊ သဇာ=အဆီအစေး တို့သည်လည်း တပြိုင်တည်း ဖြစ်ပေါ်လာကြသောကြောင့် ဖြစ်ပါသည်။ ထပ်ဆင့်သဘောပေါက်ရန်မှာ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သဇာဟူသော ရုပ်လေးပါးသည် မဟာဘုတ်လေးပါး တို့နှင့်အတူ တပြိုင်တည်း ဖြစ်ချုပ်ကြသော်လည်း ကာရဏဖလ၊ နိဿယနိဿိတ၊ ဌာနဌာနီ သဘောပါသော ကြောင့် မဟာဘုတ် (အမှီခံရာ)ဟူ၍ မဆိုနိုင်ပဲ ဥပါဒါရုပ် (မှီတတ်သည့်ရုပ်)သာဖြစ်သည်ကို သဘောပေါက် ရပါမည်။ သို့သော်လည်း အဆိုပါ မဟာဘုတ်လေးပါးနှင့် ဥပါဒါရုပ်လေးပါး ပေါင်းရှစ်ပါးသော ရုပ်တို့သည် ပရမတ္ထကလာပဒြပ်မှုန်တစ်ခုအဖြစ် တည်ရှိကြသောအခါ တစ်ခုနှင့်တစ်ခု ခွဲခြားထား၍ မရစကောင်းပေ။ ထို့ကြောင့် အဆိုပါဓာတ်ရှစ်ခု ပေါင်းစုမှုပရမတ္ထကလာပတစ်ခုကို "အဝိနိဗ္ဘောဂရုပ်" (ခွဲ၍မရသည့် ကလာပ် တစ်ခု) ဟု ခေါ်ပါသည်။

ဖောဋ္ဌဗ္ဗာရုံ။  ။ဖောဋ္ဌဗ္ဗာရုံဟူသည် ပထဝီ၊ တေဇော၊ ဝါယောတို့၏ ဂုဏ်ဟိတ်တစ်မျိုးပင်ဖြစ်ပါသည်။ အဆိုပါ ဖောဋ္ဌဗ္ဗာရုံ ရုပ်ဓာတ်သည်လည်း ပရမတ္ထကလာပတစ်ခုအဖြစ်သို့ရောက်မှ ထင်ရှားပါသည်။ ထို့ကြောင့် သက်ရှိ ရုပ်ဖြစ်စေ၊ သက်မဲ့ရုပ်ဖြစ်စေ ဓာတ်လေးပါးပေါင်းစုမှုတစ်ခု ပရမတ္ထကလာပအဆင့်(ဒြပ်နုအဆင့်) ရောက်သည် နှင့်တပြိုင်နက် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးမျိုး အသီးသီး ရှိကြပါသည်။ ယင်းအာရုံငါးမျိုးသည် ပစ္စုပ္ပန်တိုက်ဆိုင်ဆဲဖြစ်က ပဉ္စာရုံဟူသောအမည်ကို ရပါသည်။

ဓမ္မာရုံ။  ။ဓမ္မာရုံတွင် ဓမ္မအရ- စိတ်၊ စေတသိက်၊ ပသာဒရုပ်(၅)၊ သုခုမရုပ်(၁၆)၊ နိဗ္ဗာန်၊ ပညတ်တရားတို့ ပါဝင်သည်။ အတိတ်၊ အနာဂတ်အားဖြင့် အာရုံပြုနိုင်သော ပဉ္စာရုံတို့သည်လည်း ကာရဏူပစာအားဖြင့် ပညတ် တရားတွင် အကျုံးဝင်သောကြောင့် ဓမ္မာရုံမည်ပါသည်။ အကျုံးဝင်ပုံမှာ "ဝုတ်၊ ဝုတ်" ဟူသော အသံအာရုံကို ကြားရာ၌ ကြားဆဲသဘောသည် သဒ္ဒါရုံသာဖြစ်၍ ဓမ္မာရုံ မဖြစ်ပေ။ သို့သော် "ဝုတ်၊ ဝုတ်" ဟူသည် ဘာသံပါလိမ့်ဟု စိတ်ဖြင့် ကြံစည်နှလုံးသွင်းရာတွင် "ခွေးဟောင်သံ" ဟူသောပညတ်သည် ဖြစ်ပေါ်လာ၏။ ခွေးဟောင်နေသည်ဟူသော ပညတ်နှလုံးသွင်းမှုအကြောင်းခံကြောင့် မိမိအတိတ်က တွေ့ကြုံခဲ့ဘူးသော "ခွေးသဏ္ဌာန်"သည် စိတ်ထဲ၌ ပေါ်လာ၏။ အဆိုပါ စိတ်ထဲ၌ပေါ်လာသော ခွေးသဏ္ဌာန်သည် ပစ္စုပ္ပန် မျက်စိဖြင့် တွေ့မြင်ရခြင်းမဟုတ်ပဲ ခွေးဟူသော ပညတ်နှလုံးသွင်းကြောင့် ဖြစ်ပေါ်လာရကား ယင်းခွေး သဏ္ဌာန်(ရူပါရုံ)သည် ပညတ္တိတရားတွင် ပါဝင်သော ဓမ္မာရုံပင်ဖြစ်ပါသည်။  ဤသဘောကို အရှု ဉာဏ်ကဏ္ဍ၌ အကျယ်ရှင်းပြထားသည်။

၁၊၁၊၄။ သဘာဝဓမ္မ၌ ဖုံးအုပ်ထားသော ပညတ်ငါးမျိုးနှင့် တဏှာ, မာန, ဒိဋ္ဌိ ပညတ်ဟူသည် ပရမတ္ထရုပ်နာမ်တို့၏ သဘာဝအပေါ်၌ ဘာသာအလိုက် တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု ရရှိရန် ပိုင်းခြားသတ်မှတ်ထားသော သင်္ကေတအမည် ဖြစ်သည်။ အခြေခံအားဖြင့် ပညတ်ငါးမျိုး ရှိသည်။

(၁)နာမပညတ်၊

(၂)သမူဟပညတ်၊

(၃)သဏ္ဌာနပညတ်၊

(၄)ဃနပညတ်၊

(၅)သန္တတိပညတ် တို့ဖြစ်သည်။

အဆိုပါ ပညတ်ငါးမျိုးတို့တွင် ရှေ့သုံးမျိုးသည် သညာဝိပ္ပလ္လာသကို ပဓာနအကြောင်းခံ၍ ဖြစ်ပေါ် လာသည်။ နောက်နှစ်မျိုးကား ဒိဋ္ဌိဝိပ္ပလ္လာသကို ပဓာနအကြောင်းခံ၍ ဖြစ်ပေါ်လာသည်။ ထိုပညတ်ငါးမျိုး ဖုံးအုပ်ခံထားရသော စိတ်၌ တဏှာ, မာန, ဒိဋ္ဌိတို့ဖြစ်ကာ ကမ္မဝဋ်, ဝိပါကဝဋ်, ကိလေသာဝဋ်တို့ဖြင့် သံသရာ လည်၍ ဒုက္ခခန္ဓာ ရရှိကြခြင်း ဖြစ်သည်။ အရှိသဘော အဋ္ဌကလာပ်မှုန်များပေါင်းစုမှု ရုပ်အစုအဝေးများဖြစ်သည့် ပညတ်အားဖြင့် ခေါ်ဆို ရသော သက်ရှိတို့အပေါ်၌ ဆံပင်၊ မွေးညင်း၊ အသား၊ အကြော၊ အရိုး စသော (၃၂) ကောဋ္ဌာသ၏သဘောကို မသိမြင်ခြင်းကြောင့် ခြေ၊ လက်၊ ကိုယ်၊ ခေါင်း၊ ယောကျာ်း၊ မိန်းမ အရှိ အယူစွဲသည့် ဒိဋ္ဌိနှင့်တကွ ဥပါဒါန်တရားများ ဖြစ်ပေါ်လာသည်။ အဖေ၊ အမေ၊ သားသမီး၊ အရှိစွဲ ဒိဋ္ဌိနှင့်တကွ ဥပါဒါန်တရားများ ဖြစ်ပေါ်လာသည်။ သံယောဇဉ်တရားများလည်း ဖြစ်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်သတ္တဝါတို့အပေါ်၌ သာယာ နှစ်သက်မှု တဏှာ ဖြစ်ပေါ်လာသည်။ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်သတ္တဝါတို့အပေါ်၌ မနာလိုမှု ဣဿာ၊ ပြိုင်ဆိုင်လိုမှု မာန၊ ခက်ထန်မှု ဒေါသ၊ ကာမဂုဏ်ဖြင့် ဆက်ဆံလိုမှု ကာမရာဂတို့ ဖြစ်ရသည်။ အထက်ပါ တဏှာ, မာန, ဒိဋ္ဌိတို့ဖြစ်ရခြင်းမှာ ရုပ်တရား၏ အရောင်အသွေး သဏ္ဌာန် အခြေခံသည့် အာရုံ ရုပ်တရားတို့အပေါ်၌ အမှန်ရှိသော သဏ္ဌာန်များ စုပေါင်းထားသည့် အစုအဝေး၏ မူရင်းသဘောကို မသိပဲ ပုဂ္ဂိုလ်သတ္တဝါ အရှိစွဲယူမှုကြောင့် တဏှာ, မာန, ဒိဋ္ဌိ စသော အကုသိုလ်တရားများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အမှန်ရှိသော (၃၂)ကောဋ္ဌာသ သဏ္ဌာန်အစုအဝေးပေါင်းစုမှုကို လူဟူ၍ အယူမှားမှု ဒိဋ္ဌိဝိပ္ပလ္လာသ၊ လူဟူ၍ အမှတ်မှားမှု သညာဝိပ္ပလ္လာသ၊ လူဟူ၍ အသိမှားမှု စိတ္တံဝိပ္ပလ္လာသ ဖြစ်ကာ ထိုအဆင်းသဏ္ဌာန် အာရုံ၏ ဣဋ္ဌသဘောကြောင့် လိုချင်တပ်မက်မှု လောဘ၊ ထိုအဆင်းသဏ္ဌာန်အာရုံ၏ ရုပ်ပရမတ်သဘောကို မသိမှု မောဟ၊ ထိုအဆင်းအာရုံ၌ ဆန့်ကျင်ဘက်ဖြစ်ကာ ဒေါသစသော ကိလေသာတရားများ ဖြစ်လာရသည်။ အဆိုပါ အဆင်းသဏ္ဌာန် အာရုံတို့ကို လူဟူ၍ အယူမှား၊ အမှတ်မှား၊ အသိမှားမှုကြောင့် သာယာဖွယ်ရာ အာရုံနှင့် တွေ့လျှင် ရယူလိုမှုတဏှာ၊ ပြုလုပ်မှု ကံသင်္ခါရ၊ စွဲလမ်းမှု ဥပါဒါန်တရားများ စိတ်၌ ဖြစ်ပေါ်လာသည်။ ထိုအာရုံကို ရရှိရန်အတွက် ကိုယ်၏ပင်ပန်းခြင်း၊ စိတ်၏ပင်ပန်းခြင်း ခံရသောဒုက္ခ၊ ထိုအာရုံကို ရရှိရန်အတွက် အားထုတ်သည့်အခါ အနှောင့်အယှက် တစုံတရာနှင့် တွေ့ကြုံသောအခါ တွန်းလှန် ဖျက်ဆီးလိုမှု လောဘ၊ မကျေနပ်မှု ဒေါသ၊ မရမနေကြိုးစားအားထုတ်ရမှု သင်္ခါရတို့ ဆက်တိုက် ဖြစ်ပေါ် လာသည်။ ထိုအာရုံ ရရှိပြန်တော့လည်း ကပ်ငြိမှု ရာဂ၊ ထောင်လွှားမှု မာန၊ တွယ်တာမှုသံယောဇဉ်၊ ထိုအာရုံတို့ ပျောက်ကွယ် ပျက်စီးသွားမှာကို စိုးရိမ်ရမှု သောက၊ ပျက်စီးမှုနှင့် တွေ့ကြုံရသောအခါ ဒေါမနဿ စသော (၁၁)ပါးသော ကိလေသာမီးတို့ စိတ်၌ တောက်လောင်ကာ သတ္တဝါတို့ ဆင်းရဲရခြင်း ဖြစ်ပါသည်။ မသာယာဖွယ်အာရုံတို့နှင့် တွေ့ကြုံရသောအခါ မခံစားလိုမှု လောဘ၊ ဖျက်ဆီးလိုမှု ဒေါသ၊ နောက် တဖန် ပြန်တွေ့ကြုံရမည်ကို စိုးရိမ်သည့်သောကနှင့် ကြောင့်ကျမှုဗျာပါဒတရားများ စိတ်၌ ဖြစ်ပေါ်လာကာ (၁၁)ပါးမီး တောက်ကြရသည်။ အမှန်တကယ်သဘောရှိသော ထိုရူပါရုံသည် မမြဲခြင်း သဘောကြောင့် ပျက်စီး ချုပ်ပျောက်ခြင်းရှိ၏။ ထိုသဘောကို မသိပဲ ပုဂ္ဂိုလ်သတ္တဝါ ပျက်စီးသည်ဟု ထင်ပြန်သည်။ပုဂ္ဂိုလ်သတ္တဝါဟူ၍ ယူမှတ်မှားထားသော အဆင်းအာရုံ၏ ပျက်စီးမှုကြောင့် စိတ်ဆင်းရဲမှု သောက၊ နှလုံးမသာယာမှု ဒေါသနှင့် မြဲအောင်ဖန်တီးလိုမှု လောဘစသော ကိလေသာများ စိတ်၌ဖြစ်ကြရသည်။ ထိုရူပါရုံ၏ ပကတိ သဘောသည် ဖောက်ပြန်ခြင်းသဘောကြောင့် နှိပ်စက်ခြင်းသဘော ရှိ၏။ထိုသဘောနှင့် တွေ့ကြုံရသည့်အခါ မခံစားနိုင်သော ဆင်းရဲမှု တရားများ ဖြစ်ပေါ်လာသည်။ နှိပ်စက်သည့်သဘော ဆောင်မှုအတွက်ကြောင့်လည်း ဆင်းရဲရသည်။ ထိုသဏ္ဌာန်များ ပေါင်းစုမှုသည် အနှစ်မရှိသဖြင့် မိမိအလိုသို့ မလိုက်သောကြောင့် လိုရာမရသဖြင့် ဆင်းရဲရ ပြန်သည်။ အဋ္ဌကလာပ်ရုပ်တို့၏ ပေါင်းစုမှုကြောင့် ဖြစ်ပေါ်လာသော သဏ္ဌာန်သဘောတရားဟု မသိခြင်းကို အကြောင်းခံ၍ သက်ရှိတို့အပေါ်၌ (လူ, တိရိစ္ဆာန်, ငရဲ, ပြိတ္တာ, အသူရကာယ်, နတ်, ဗြဟ္မာ) သက်မဲ့တို့ အပေါ်၌ (သစ်ပင်, တော တောင်, ရေ မြေ, သမုဒ္ဒရာ, နေ လ, နက္ခတ် တာရာ) စသည်တို့ ရှိသည်ဟူ၍ ဒိဋ္ဌိဖြင့်စွဲယူမှု ဖြစ်ပေါ်လာသည်။ (သမူဟပညတ်) လူဟူ၍ အရှိစွဲယူခြင်းကြောင့် ယောက်ျား မိန်းမ အရှိစွဲဖြစ်ပေါ်လာသည်။ ယောက်ျား အရှိစွဲယူ ခြင်းကြောင့် အဖေ, အစ်ကို, ဘကြီး, ဘထွေး, အဖေကြီး, သား, သားမက်, ညီ, သူငယ်ချင်း, မင်းသား, ရဟန်း, သာမဏေ, ဘုရား, သံဃာ စသည့် ပုဂ္ဂိုလ်စွဲ ပညတ်စွဲများ ဖြစ်ပေါ်လာသည်။ မိန်းမအရှိစွဲယူမှုကြောင့် အမေ, အမ, အဒေါ်, အဖွား, အမေကြီး, ယောင်းမ, ဆရာမ, သီလရှင်, မင်းသမီး, ချွေးမ, သမီး, ညီမ, နှမ စသော ပုဂ္ဂိုလ်စွဲ ပညတ်စွဲများ ဖြစ်ပေါ်လာသည်။ တိရိစ္ဆာန် အရှိစွဲယူခြင်းကြောင့် ခွေး, နွား, ကြက်, ဘဲ, ဝက် စသော တိရိစ္ဆာန်မျိုးစုံ, အထီး, အမ စသော ပုဂ္ဂိုလ်ပညတ်စွဲများ ဖြစ်ပေါ်လာသည်။ ထို့အတူ ငရဲဟူ၍ အရှိစွဲယူရာမှ ငရဲကြီးရှစ်ထပ်, ငရဲအိုး, ငရဲမီး ဟူသော ပညတ်စွဲများ၊ ပြိတ္တာအမျိုးမျိုး, နတ်, ဗြဟ္မာအမျိုးမျိုး, အသူရကာယ် အမျိုးမျိုးတို့၏ အမည်နာမပညတ်စွဲများ ဖြစ်ပေါ်လာရသည်။ (နာမပညတ်)အဆိုပါ ပုဂ္ဂလနာမပညတ်စွဲကို အခြေခံ၍ အဋ္ဌကလာပ်ရုပ်အစုတို့ ပေါင်းစုမှုမှ ဖြစ်ပေါ်လာသော သဏ္ဌာန်တို့၏ လှုပ်ရှားမှုအမျိုးမျိုးကို အမှန်မသိနိုင်တော့ပဲ အဖေ လာတယ်, အဖေ ကိုင်တယ်၊ စားတယ်၊ သောက်တယ်, အဖေ အိပ်တယ်, အဖေ ဖျားတယ်, အဖေ အိုတယ်, အဖေ သေတယ် စသည်ဖြင့် အမူအရာ အပေါ်၌ အမြင်မှား အသိများ အမှတ်မှားခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာကာ ကိလေသာသံယောဇဉ် မီးများ တိုးပွားလာရသည်။ ထိုကဲ့သို့ ပြင်ပသူတပါးတို့ကို အရှိစွဲ၍ မိမိဟူသော အတ္တစွဲယူမှုသည်လည်း ဖြစ်ပေါ်လာ ရသည်။ ထိုမိမိဟူသော အတ္တအရှိစွဲယူမှုကြောင့် ငါ စားတယ်, ငါ သွားတယ်, ငါ ထိုင်တယ်, ငါ အိပ်တယ, ငါ လုပ်တယ, ငါ ကိုင်တယ်, ငါ ယိုတယ်, ငါ ပေါက်တယ်, ငါ နာတယ်, ငါ ဖျားတယ်, ငါ အိုတယ်, ငါ သေတယ် စသော အမူအရာပေါ်၌ အယူမှား အသိမှား အမှတ်မှားတို့ဖြစ်ကာ ကိလေသာသံယောဇဉ်မီးများ တိုးပွားလာ ရသည်။ အဆင်း၏ သာယာဖွယ်သဘောဆောင်မှုကိုလည်း ပုဂ္ဂလနာမပညတ် အရှိစွဲယူထားခြင်းကြောင့် အဖေ လှတယ်, အဖေ မလှဘူး, အဖေ အရုပ်ဆိုးတယ်, အဖေ အရပ်ပုတယ်, အဖေ အရပ်ရှည်တယ်, အမေ လှတယ်, အမေ မလှဘူး, အမေ အသားမည်းတယ်, အမေ အသားဖြူတယ် စသည်တို့သည်လည်းကောင်း၊ ခွေးကလေး ဖြူတယ်, ဝတယ, ပိန်တယ်, ပုတယ် စသည်ဖြင့်လည်းကောင်း၊ အတ္တဒိဋ္ဌိစွဲကို အခြေခံလျက် ငါ လှတယ်, ငါ မလှဘူး, ငါ ရှည်တယ်, ငါ တိုတယ်, ငါ မည်းတယ်, ငါ ဖြူတယ်, စသည်ဖြင့်လည်းကောင်း၊ သဘာဝဣဋ္ဌဂုဏ် အနိဋ္ဌဂုဏ်ကိုပင် အသိမှား အမှတ်မှား အယူမှားဖြစ်ကာ တပ်မက်မှုလောဘ၊ ကပ်ညိမှုရာဂ၊ မကျေနပ်မှု ဒေါသ၊ ထောင်လွှားမှုမာန၊ မနာလိုမှု ဣဿာ၊ ဝန်တိုမှု မစၦရိယ၊ အရှိပရမတ်၏ ဣဋ္ဌဂုဏ်၊ အနိဋ္ဌဂုဏ်ကို မမြင်မှုနှင့် ပညတ်ကို အရှိထင်မှု မောဟ စသော ကိလေသာမီးများ တိုးပွားလာရသည်။ သက်မဲ့အဋ္ဌကလာပ်ရုပ်အစုအဝေးကို အခြေခံ၍ ဖြစ်ပေါ်လာသော အဆင်းသဏ္ဌာန်အမျိုးမျိုးဆောင်မှု သဘောအမှန်ကို မသိပဲ "သစ်ပင်" ဟူ၍ အရှိစွဲယူရာမှလည်းကောင်း၊ တိုက်တာ အိုးအိမ် ရွှေ ငွေ ကျောက်သံ, ပတ္တမြား အရှိစွဲယူရာမှလည်းကောင်း၊ ကောင်းကင်, မြေကြီး, စေတီ, ပုထိုး, နေလ, နက္ခတ်, သမုဒ္ဒရာ အရှိစွဲယူရာမှ လည်းကောင်း၊ မရှိသောနာမပညတ်တို့ကို အရှိအဟုတ်စွဲယူမှု ဖြစ်ပေါ်လာသည်။ ထိုသက်မဲ့အဆင်းသဏ္ဌာန်၏ သာယာဖွယ်ဂုဏ်နှင့် မသာယာဖွယ်ဂုဏ်တို့၏ သဘောအမှန်ကို မသိ မမြင်ပဲ နာမပညတ်ကို အရှိစွဲယူထားမှုကြောင့်လည်းကောင်း၊ အတ္တဒိဋ္ဌိစွဲ အခြေခံမှုကြောင့်လည်းကောင်း၊ ငါ့ရွှေ ကောင်းတယ်၊ ငါ့ရွှေ ဘယ်လောက်အရည်အသွေးကောင်းတယ်၊ ငါ့ကျောက် ဘယ်လောက် အရည် အသွေး ကောင်းတယ်၊ ဘယ်လောက်တန်ဖိုးရှိတယ်၊ ငါ့အိမ်, ငါ့တိုက်, ငါ့ကား, ငါ့အသုံးအဆောင်, ငါ့ပစ္စည်း, ငါ့ဥစ္စာ ဘယ်လောက် တန်ဖိုးရှိတယ် ဟူ၍ သာယာမှုတဏှာနှင့် ထောင်လွှားမှုမာနတို့သည်လည်းကောင်း၊ အဆိုပါ ပစ္စည်းများ ပျက်စီးပျောက်ဆုံးချို့ယွင်းလျှင် မသာယာမှုဖြစ်ကာ စိတ်ဆင်းရဲမှု ဒေါမနဿ၊ နှလုံးမသာယာမှု သောက၊ ငိုကြွေးမြည်တမ်းရမှု ပရိဒေဝ၊ ထပ်ဖန်တလဲလဲ ဆင်းရဲနေရမှု ဥပါယာသစသော ကိလေသာ မီးများ တောက်လောင်လာရသည်။ ယခုဖော်ပြခဲ့ပြီး အဋ္ဌကလာပ်ရုပ်အစု ပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာသော အဆင်းသဏ္ဌာန်ကို အခြေခံလျက် ဝိပ္ပလ္လာသတရားများ စိတ်၌ ဖုံးအုပ်ခံထားရမှုကြောင့် ပညတ်များနှင့်ယှဉ်သော ဒိဋ္ဌိ တဏှာ ဥပါဒါန်ဖြစ်ပုံ၊ ထို ဒိဋ္ဌိ တဏှာ ဥပါဒါန်ကြောင့် ကိလေသာမီးများ တောက်လောင်တိုးပွားလာပုံတို့ နည်းတူ ကလာပ်ရုပ်စုမှုအပေါ် အကြောင်းပြုမှုကြောင့် ဖြစ်ပေါ်လာသော သဒ္ဒရုပ် (အသံအာရုံ)၊ ဂန္ဓရုပ် (အနံ့အာရုံ)၊ ရသရုပ် (အရသာအာရုံ)၊ ဖောဋ္ဌဗ္ဗရုပ် (အတွေ့အာရုံ)၊ ဓမ္မရုပ် (ဓမ္မာရုံ)တို့ကို သဘောအမှန် အရှိအတိုင်း မသိမှု (အဝိဇ္ဇာ)ကြောင့် စိတ်၌ ဝိပ္ပလ္လာသတရားတို့၏ လှည့်စားမှုခံရကာ မရှိပညတ် အာရုံများကို အရှိစွဲ၍ ထားခြင်း၊ ထိုပညတ်အာရုံများ စွဲယူမှုကို အကြောင်းခံ၍ ဒိဋ္ဌိတဏှာ ဥပါဒါန်များ ဖုံးခြင်းခံရတော့သည်။ သာယာဖွယ်ရာ အာရုံနှင့် ကြုံတွေ့လာလျှင် ထိုအာရုံပေါ်၌ တပ်မက်မှု လောဘ၊ ကပ်ညိမှု ရာဂ၊ ထောင်လွှားမှု မာန၊ တွယ်တာမှု သမုဒယ (သံယောဇဉ်)၊ စိုးရိမ်မှု သောက၊ ကြောင့်ကျမှု ဗျာပါဒ၊ မနာလိုမှု ဣဿာ၊ ဝန်တိုမှု မစ္ဆရိယ၊ ရအောင် ပြုလုပ်မှု ကံသင်္ခါရ၊ ရရှိမှု ကမ္မဘဝ၊ ဆင်းရဲမှု ဒုက္ခ ဟူသော ကိလေသာမီးများ စိတ်၌ လောင်ကျွမ်းမှု ခံရတော့သည်။ မသာယာဖွယ် အာရုံ၌လည်း ဒေါသ၊ သောက၊ ပရိဒေဝ စသော ကိလေသာမီးများက စိတ်ကို လောင်ကျွမ်း နှိပ်စက်တော့သည်။ အထက်ပါ ရှင်းလင်းတင်ပြခဲ့ပြီးသည့်အတိုင်း စိတ်၌ တဏှာ, မာန, ဒိဋ္ဌိတို့ ဖြစ်ရခြင်းနှင့် ဖြစ်ကြောင်းများ အကျဉ်းချုပ်ဖော်ပြရလျှင် ရုပ်အပေါင်းအစုဖြစ်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ဓမ္မာရုံ တည်းဟူသော အာရုံခြောက်ပါး ရုပ်တရား အပေါင်းအစုတို့၏ ဣဋ္ဌသဘောရုပ်နှင့် အနိဋ္ဌသဘော ရုပ်တို့ကို အရှိကို အရှိအတိုင်း မသိမှုဖြင့် အမှတ်မှားမှု၊ အသိမှားမှု၊ အမြင်မှားမှု၊ အယူမှားမှုတို့ကြောင့် ဖြစ်သည်။ နောက်တဖန် ထိုရုပ်တရားတို့၏ ဣဋ္ဌရသ အနိဋ္ဌရသတို့ကို အကြောင်းခံ၍ ထိုရသတို့ကို ခံစားသော ဝေဒနာ ဖြစ်ပေါ်လာသည်။ ထိုဝေဒနာ၏သဘောကို ရှုခြင်းအားဖြင့် ဝိပဿနာအရှုခံ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပေါ်လာသည်။ ရုပ်တရားတို့နှင့် ခံစားမှုနာမ်တရားတို့ကို အကြောင်းခံ၍ စိတ်အမျိုးမျိုး ဖြစ်ပေါ်လာသည်။ထိုစိတ်အမျိုးမျိုးကို ရှုခြင်းသည် စိတ္တာနုပဿနာ သတိပဋ္ဌာန် ဖြစ်လာသည်။ရုပ်, ဝေဒနာနှင့် စိတ်တို့၏ မမြဲခြင်းသဘော၊ ဖောက်ပြန် ပျက်စီးခြင်းသဘော၊ အနှစ်မရှိသည့်သဘောတို့ကို ရှုခြင်းသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်ပေါ်လာသည်။ ထိုသဘောကိုလည်း တရားကျင့်သောယောဂီတို့ နားလည်ထားရမည်။

ရုပ်တရား (သို့) အာရုံခြောက်ပါးကို အကြောင်းခံ၍ တဏှာခြောက်မျိုး ဖြစ်ရသည်။

၁။ရူပတဏှာ (အဆင်း, ရူပါရုံကို မှီ၍ဖြစ်သော တဏှာ)
၂။သဒ္ဒတဏှာ (အသံ, သဒ္ဒါရုံကို မှီ၍ဖြစ်သော တဏှာ)
၃။ဂန္ဓတဏှာ (အနံ့, ဂန္ဓာရုံကို မှီ၍ဖြစ်သော တဏှာ)
၄။ရသတဏှာ (အရသာ, ရသာရုံကို မှီ၍ဖြစ်သော တဏှာ)
၅။ဖောဋ္ဌဗ္ဗတဏှာ (အတွေ့, ဖောဋ္ဌဗ္ဗာရုံကို မှီ၍ဖြစ်သော တဏှာ)
၆။ဓမ္မတဏှာ (အတိတ်အနာဂတ်တွေးတောကြံစည်ရာ အဆင်း, အသံ, အနံ့ , အရသာ, အတွေ့တို့အပေါ်၌ ဖြစ်သော တဏှာ) ဟူ၍ တဏှာခြောက်မျိုးရှိသည်။

၎င်းတဏှာဖြစ်ရခြင်း အကြောင်းရင်းကို ဆန်းစစ်သော် တဏှာဖြစ်ရခြင်းသည် အာရုံရုပ်တရားများ၏ ပရမတ်သဘောကို မသိခြင်းကြောင့်သာ ဖြစ်သည်။ တဏှာ ချုပ်လိုလျှင် အာရုံရုပ်တရားများ၏ ပရမတ်သဘောကို ဝိပဿနာဥာဏ်အမြင်ဖြင့် သိမြင်အောင် ရှုနိုင်လျှင် တဏှာချုပ်သည်။ အာရုံရုပ်တို့၏ ဣဋ္ဌဂုဏ်သည် အဝိဇ္ဇာ ဖုံးလွှမ်းထားသော စိတ်၌ လောဘစိတ်ကို ဖြစ်စေသည်။ အာရုံရုပ်တို့၏ အနိဋ္ဌဂုဏ်သည် အဝိဇ္ဇာဖုံးလွှမ်းထားသော စိတ်၌ ဒေါသစိတ်ကို ဖြစ်စေသည်။ ရုပ်တို့၏ ပရမတ်သဘောကို (ဝါ) အဋ္ဌကလာပ်ရုပ်စသော သဘာဝတို့ကို အမှန်မသိခြင်းသည် မောဟစိတ် ဖြစ်သည်။ ရုပ်တရားတို့သည် သင်္ခါရလောက၊ သကာသလောကတို့ပင်တည်း။ ရူပလောက (ရူပဘုံ)၊ ကာမ လောက (ကာမဘုံ) ဖြစ်၍ ထိုဘုံလောကတို့ကို အကြောင်းခံ၍ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့ ဖြစ်ရပြန်သည်။ ထို့ကြောင့် ရုပ်တရားတို့၏ အရှိသဘောကို သိအောင်ရှုမှု ကာယာနုပဿနာသတိပဋ္ဌာန်၊ ရုပ်တရား တို့၏ ဣဋ္ဌသဘော၊ အနိဋ္ဌသဘောကိုခံစားမှု ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ ထိုရုပ်တရားတို့နှင့်ခံစားမှု နာမ် တရားတို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော စိတ်တို့၏ သဘောကို သိအောင်ရှုမှု စိတ္တနုပဿနာသတိပဋ္ဌာန်၊ အထက်ပါ သတိပဋ္ဌာန်တရားသုံးပါးတို့ အပေါ်၌ လက္ခဏာရေးသုံးပါးဖြင့် သုံးသပ်ရှုမှတ်မှုသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဖြစ်သည်။

တရားကျင့်သည့် သုံးသပ်ချက်။       ။တရားကျင့်တယ်၊ တရားရှာတယ် ဆိုတာဘာလဲ၊ တရားတွေ့သည် ဆိုတာဘာလဲ၊ တရားဆိုတာ ဘယ်နည်းနှင့် ကျင့်ရတာလဲ၊ ဘယ်မူနှင့် ကျင့်ရမှာလဲ ဆိုသည့် အပြောအဆိုတို့ကို သုံးသပ်ကြည့်လျှင်-

၁။  အရှူအရှိုက်စသော အာနာပါနကျင့်စဉ်မှ တရားနည်းလမ်း မှန်သလား (သို့) မှားသလား။
၂။  ပြင်းပြင်းရှူမှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၃။  ဖြေးဖြေးရှူမှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၄။  မှတ်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၅။  ဖြစ်ပျက်ပဲဟု မှတ်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၆။  နိမိတ်တွေပေါ်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၇။  နာရီတိုတိုထိုင်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၈။  နာရီရှည်ရှည်ထိုင်မှ ကျင့်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၉။  အေးနေတာမှ တရားလား။ (သို့) တရားမဟုတ်ဘူးလား။
၁၀။ ကြမ်းကြမ်းကျင့်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။
၁၁။ သက်သက်သာသာကျင့်မှ တရားနည်းလမ်း မှန်သလား။ (သို့) မှားသလား။

စသော ဝိရောဓိများ ရှုပ်ထွေးနေကြသည်။ ငြင်းခုံနေကြသည်။

ထိုကဲ့သို့ကျင့်စဉ် ရှုမှတ်ပွားများမှုများကို ငြင်းခုံနေခြင်း၊ ဝေဖန်နေကြခြင်းသည် အဖြေမှန်စံကိန်းကို မသိသဖြင့်  ငြင်းခုံနေကြခြင်းဖြစ်သည်။ တရားရှာသော လူအချင်းချင်းလည်း တူ၏။ တဏှာ မာန ဒိဋ္ဌိဖြစ်ခြင်းလည်း တူ၏။ ခန္ဓာဖွဲ့စည်း တည်ရှိပုံလည်း တူ၏။ အာရုံခြောက်ပါးခြင်းလည်း တူ၏။ နာမ်ရုပ်ဖြစ်ခြင်းလည်း တူ၏။ တဏှာယ မာနယ ဒိဋ္ဌိ ဖြစ်ကြောင်းလည်း တူ၏။ မဂ္ဂင်ရှစ်ပါးလည်း တူ၏။ သည်လိုဆိုလျှင် တရားတွေ့တာလည်း တူရမည်။ ငြင်းစရာ မရှိပါ။ ငြင်းခုံဝေဖန်နေတယ်ဆိုတာ တရားစစ်တရားမှန်ကို မတွေ့၍ ဖြစ်ပါသည်။ တရားရှုရာ အာရုံဖြစ်သော ရှင်းလင်းဖော်ပြခဲ့သည့် (၃၂)ကောဋ္ဌာသ ရုပ်တရားပေါင်းစုမှုသည်လည်း တရားရှုသူတိုင်း အတူတူပင်ဖြစ်သည်။ ဃနရုပ်များပေါင်းစုမှုသည်လည်း အတူတူပင်ဖြစ်သည်။ ခံစားမှု ဝေဒနာ ကလည်း အတူတူပင်ဖြစ်သည်။ စိတ်စေတသိက်တို့ ရှိသည်မှာလည်း အတူတူပင်ဖြစ်သည်။ တရားမကျင့်မီ အဝိဇ္ဇာမောဟ အဖုံးခံထားရတာလည်း အတူတူပင်ဖြစ်သည်။ တဏှာ မာန ဒိဋ္ဌိဖြစ်နေသည်မှာလည်း အတူတူပင်ဖြစ်သည်။ စရိုက်ချင်း၊ ပါရမီချင်းတော့ ကွာခြားကြလိမ့်မည်။ ထိုရုပ်တရားတို့နှင့် ခံစားမှုဝေဒနာ တို့ကို အကြောင်းခံ၍ တဏှာ, မာန, ဒိဋ္ဌိချုပ်အောင် ကျင့်ရမည်မှာ ရည်ရွယ်ချက်တစ်ခုတည်းဖြစ်ပြီး အရှုခံ အာရုံများမှာလည်း ခန္ဓာငါးပါး၊ သတိပဋ္ဌာန်တရားလေးပါးသာ ဖြစ်သည်။ ရှုမှတ်ရမည့် နည်းလမ်းကလည်း တစ်လမ်းတည်းပင် ဖြစ်သည်။ ဗောဓိဥာဏ်၏ အထောက်အပံ့ကလည်း (၃၇)ပါးသာ ရှိသည်။ အခြေခံကျင့်စဉ်ယာနိကနှစ်ပါး ရှိသည်။ မည်သည့်နည်းဖြင့် ကျင့်ကျင့်၊ ကြမ်းကြမ်းပဲ ကျင့်ကျင့်၊ သက်သက်သာသာပဲ ကျင့်ကျင့်၊ အချိန်နည်းသည်ဖြစ်စေ၊ အချိန်ကြာသည် ဖြစ်စေ၊ မှတ်သည် ဖြစ်စေ၊ မမှတ်သည် ဖြစ်စေ၊ ကိုယ့်နည်းနှင့်ကိုယ်စိတ်ကြိုက် ရွေးချယ်ကျင့်နိုင်သည်။ အဖြေကတော့ ပရမတ်အာရုံ ဖြစ်သည့် (၃၆)မျိုးသော ရုပ်နာမ်နှင့် အထက်ပါရှင်းပြခဲ့သော ဓာတ်လေးပါးအစုအဝေးတို့ မြင်ဖို့သာလျှင် ဖြစ်သည်။ ထိုသဘောတွေကို မြင်လျှင် ကျင့်စဉ်မှန်ပြီဖြစ်သည်။ ထိုသဘောတရားတွေကို မြင်နိုင်သည့် သမာဓိ ရဖို့ ပဓာနကျသည်။ နည်းလမ်းခြင်းတော့ မတူညီကြပါ။ ကမ္မဋ္ဌာန်းလေးဆယ်၊ နည်းလေးဆယ် ရှိပါသည်။ ထိုနည်းလေးဆယ်ကို ကျင့်ရာတွင် နည်းမှန်ဖို့ လိုရင်းဖြစ်သည်။မြန်မြန်ရောက်ချင်သောသူပြင်းပြင်းလျှောက်ရမည်။ဖြေးဖြေးရောက်ချင်သောသူနှေးနှေးလျှောက်ရမည်။ အသာစံချင်သောသူ အနာခံနိုင်ရမည်။ များများအမြတ်ရလိုလျှင် များများအရင်းစိုက်ရမည်။ သူ့နည်းကိုယ့်နည်း ငြင်းစရာမလိုပါ။ ကိုယ့်နည်းနှင့်ကိုယ် တရားတွေ့အောင်ကျင့်ဖို့ လိုသည်။

၁။ (၃၂)ကောဋ္ဌာသ သဏ္ဌာန်ပေါင်းစုမှုကို မြင်လျှင် သမူဟပညတ် (ခြေ, လက, ကိုယ်, ခေါင်း, အမြီး,အမောက်, သစ်ပင်စသည်သမုတ်မှုများ)၊ နာမပညတ် (မောင်ဖြူ, မောင်နီ, ဦးလေး, ဘကြီး, အဖေ, အမေ စသည့် နာမပညတ်များ) အစွဲချုပ်သည်။ သာယာဖွယ်ရာ ရှုမြင်ဖွယ်ရာမဟုတ်၊ မသာယာဖွယ်ရာဟု သုဘ သညာချုပ်သည်။
၂။ ဓာတ်လေးပါး၊ ဓာတ်ရှစ်ပါး ဃနရုပ်ကို ပိုင်းခြားသိလျှင် (၃၂)ကောဋ္ဌာသ သဏ္ဌာန်ရုပ် ပညတ်စွဲ ချုပ်သည်။ အမူအရာပေါ်မှ (ထတယ်, ထိုင်တယ်, ကြွတယ် , လှမ်းတယ်, ကတယ်, ဆိုတယ် စသည့် အမူအရာများ) အစွဲချုပ်သည်။
၃။ ဖောက်ပြန်သည့် သဘောသက်သက်မျှ မြင်လျှင် ဃနပညတ်စွဲ ချုပ်သည်။ ပထဝီ, တေဇော, အာပေါ, ဝါယော, ပူတယ်, တင်းတယ် တောင့်တယ်, ထုံတယ်, ကျင်တယ် စသော ပညတ်အစွဲ၊ ပညတ် အမြင်နှင့် အဆင်း အသံ အနံ့ အရသာ အတွေ့ ဓမ္မစသော အာရုံတို့၏ ကြမ်းမှု နုမှု သာယာမှု စသော ဣဋ္ဌာရုံံ အနိဋ္ဌာရုံပေါ်မှ တဏှာချုပ်သည်။ ဤသို့အားဖြင့် အထက်ပါ ဖော်ပြခဲ့သော အပိုင်း(က) ရုပ်တရားစသော အာရုံခြောက်ပါးတို့သည် စိတ်ကို ဖြစ်စေသည့် ခန္ဓာ၏ အပြင်ဗဟိဒ္ဓအာရုံ၏ သဘောကို ဖော်ပြခြင်းဖြစ်ပြီး မိမိရူပကာယနှင့် တသဘောတည်းဟုနားလည်ယူပါ။ တနည်းအားဖြင့်ဆိုသော် ထိုအာရုံခြောက်ပါးတို့၏ ဂုဏ်သတ္တိသည်  စက္ခု စသော ပသာဒရုပ်တို့နှင့် မနောကို ထိခိုက်တတ်သော သဘောရှိသည်။ ထို့ကြောင့် ထိုဗဟိဒ္ဓအာရုံ ခြောက်ပါး တို့ကို "အတိုက်ဓာတ်ခြောက်ပါး"ဟု ခေါ်ဆိုသည်။

အထက်ပါ အရှုခံအာရုံများ မြင်အောင် ကျင့်စဉ်တက်ပုံကို ဤသောတာပတ္တိမဂ် ကျမ်းစာအုပ်၏ ကျင့်စဉ်ပိုင်း၌ ဖော်ပြထားသည်။

ရတနာအောင် ကျောင်းတော်

မကွေးတိုင်း အောင်လံမြို့၊ တိုက်ခွဲအမှတ် (၃၂)  သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ။

09-24-50011

 

This email address is being protected from spambots. You need JavaScript enabled to view it.