ဆရာတော်၏အမှာစကား

ဆရာတော်၏အမှာစကား

ယခုအခါ တရားအားထုတ်ကြသော ယောဂီအတော်အသင့် များပြားလာပြီး ဖြစ်သည်။ မြို့တိုင်းတွင် တရားရိပ်သာများ ရှိနေကြပြီဖြစ်သည်။ တရားကျင့်သောယောဂီတို့သည် များသောအားဖြင့် ပရိယတ္တိ မကြွယ်ဝ သူများရှိကြသလို၊ ပရိယတ္တိစာပေနှင့် လုံးဝ မရင်းနှီးသူများလည်း အလွန်များသည်။ တချို့တရားပြသော ကမ္မဋ္ဌာနာစရိယ ဆရာများသည် ကိုယ်တိုင် ပေါက်မြောက်အောင် မကျင့်ပဲ ကမ္မဋ္ဌာန်း တရားပြနေကြသည်။ ထို့ကြောင့် တရား ကျင့်ကြကုန်သော ယောဂီတိုသည် ဝိပဿနာတရား အားထုတ်ရင်း ယောင်လည်လည်ဖြစ်နေသောယောဂီများလည်း ရှိနေကြပြီး မိမိရှုမှတ်၍ တွေ့မြင်မှုသည် မှန်သလား၊ မှားသလား ဟူ၍လည်း မဆုံးဖြတ်နိုင်ကြသော ယောဂီများလည်းရှိ၏။ ငါသည် သောတာပန်ဖြစ်ပြီး မဂ်ရနေပြီဟု မှားယွင်းဆုံးဖြတ်နေ သူများလည်းများကြ၏။ တချို့ လူဝတ်ကြောင်တို့ပင်လျှင် ရဟန္တာဖြစ်နေကြပြီးဟု မှားယွင်းစွာ ဆုံးဖြတ် နေကြ၏။ တချို့လည်း ဘယ်လိုဆက်ကျင့်ရမည်လဲ မသိဖြစ်နေကြ၏။ တချို့ယောဂီတို့သည် မိမိတို့၏ ကမ္မဋ္ဌာနာစရိယကို သိလို၍ မေးသည့်အခါ ရှောင်လွှဲဖြေဆိုခြင်း၊ ဝိနည်းလွတ်ဖြေဆိုခြင်း၊ လာမမေးနှင့် ခိုင်းတာသာလုပ်ဟုပြောဆိုခြင်း၊ ဆက်သာရှုပါဟု ပြောဆိုခြင်း စသော ဖြေဆိုမှုတွေကြောင့် အားငယ်တွေဝေ နေကြခြင်းများလည်းရှိကြသည်။ ဟိုဆရာကတစ်မျိုးပြောလိုက်၊ ဒီဆရာကတစ်မျိုး ပြောလိုက်နှင့် ဘယ်လို ဆက်ကျင့်ရမှန်းမသိပဲ အဖြေမှန်ကျင့်စဉ်မှန်ဆိုတာကို ဘာမှန်းမသိ ဖြစ်နေတော့သည်။ နိုင်ငံခြားသား ယောဂီများမှာလည်း အစတွင် ဟုတ်သလိုရှိပေမယ့် နောက်ပိုင်းကြတော့ ယောင်လည်လည် ဖြစ်သွားတယ်၊ ဘယ်ဆရာ ဘယ်မူမှားမှန်း မှန်မှန်းမသိ၊ ဘာကိုအားကိုး ရမှန်းမသိ၊ ဘယ်ကျင့်စဉ်က မှန်သလဲဆိုတာ မသိ ဖြစ်နေကြသည်။

အထက်ပါ တွေဝေမှု၊ ရှုပ်ထွေးမှု၊ သံသယဖြစ်မှုတို့၏ ပဓာနအချက်မှာ ဆရာစစ် ဆရာမှန်နှင့် မတွေ့ခြင်းကြောင့်ဖြစ်သည်။ မကောင်းမြစ်တား ကောင်းရာညွှန်လတ်ဟူသော ဆရာ့တာဝန်ဖြင့် မိမိတပည့်အား မှားသည်ကို မှားသည်ဟူ၍ လည်းကောင်း၊ အမှားမှ အမှန်ရောက်အောင် လမ်းညွှန်ပေးခြင်းဖြင့် လည်းကောင်း၊ အားနည်းသည်ကို အားရှိလာအောင်လည်းကောင်း စွဲဆောင်နိုင်ရမည်။

မြတ်စွာဘုရားရှင်သည် ဆရာကောင်း တစ်ဆူ ဖြစ်သည်။ သတ္တဝါဝေနေယျတို့အား ပြည့်စုံသော လမ်းညွှန်မှု သာသနာ့ အမွေပေးခဲ့ပြီး ဖြစ်သည်။ တရားကျင့်သော ယောဂီတို့အား ရှုပ်ထွေးမှုမရှိပဲ လိုရင်းကို ရှင်းရှင်းဖြင့် ကလေးစာသင်ဘိသကဲ့သို့ ဝိပဿနာအရှုခံများကို ဤကဲ့သို့ ဟောကြားထားသည်။

(၁) ခြောက်ပါးသော အဇ္ဈတ္တိကာယတန  အပေါင်းတို့ကို သိရမည်။
(၂) ခြောက်ပါးသော ဗာဟိရာယတန  အပေါင်းတို့ကို သိရမည်။
(၃) ခြောက်ပါးသော ဝိညာဏ် အပေါင်းတို့ကို သိရမည်။
(၄) ခြောက်ပါးသော ဖဿ  အပေါင်းတို့ကို သိရမည်။
(၅) ခြောက်ပါးသော ဝေဒနာ  အပေါင်းတို့ကို သိရမည်။
(၆) ခြောက်ပါးသော တဏှာ  အပေါင်းတို့ကို သိရမည် ဟု ဟောကြားထားသည်။

(၁) ခြောက်ပါးသော အဇ္ဈတ္တိကာယတန

(၁) စက္ခာယတန = စက္ခုပဿဒ    (မျက်စိအကြည်)
(၂) သောတာယတန = သောတပဿဒ     (နားအကြည်)
(၃) ဃာနာယတန = ဃာနပဿဒ     (နှာအကြည်)
(၄) ဇိဝှါယတန = ဇိဝှါပဿဒ     (လျှာအကြည်)
(၅) ကာယာယတန = ကာယပဿဒ     (ကိုယ်အကြည်)
(၆) မနာယတန = မနောပဿဒ     (စိတ်အကြည်)

တရားရှုသောယောဂီတို့သည် မြတ်စွာဘုရားရှင် သိမြင်စေလိုသော အထက်ပါ အာယတန ခြောက်ပါး ကို ထူးသော ဉာဏ်ဖြင့် ပိုင်းခြားမြင်ရမည်။ မှန်းဆတွေးဆ၍ မြင်ရခြင်းသိရခြင်းမျိုး မဟုတ်ပေ။ သင်ကြား၍ သိခြင်းမျိုးလည်း မဟုတ်ပေ။ ထိုအာယတန ခြောက်ပါးတို့သည် ရုပ်တရားတို့ဖြစ်သည်။ ရူပက္ခန္ဓာ ကို မြင်ရမည် ဆိုသည်မှာ အထက်ပါ ခြောက်ပါးသော ပရမတ်ရုပ်တရားများကို ရည်ညွှန်း၍ ဟောထားခြင်း ဖြစ်သည်။ ဤသုတ္တန်၌ ဘယ်နည်း၊ ဘယ်မူဖြင့်ကျင့်ရသည်ဟူ၍မပါရှိပဲ၊ မြင်နိုင်သည့် သမာဓိရှိလျှင် မြင်အပ်သည့် ပရမတ်ရုပ်တရား များကိုသာ ဖော်ပြထားသည်။
စိတ်အကြည်ကိုလည်း သိရမည်ဟု ဘုရားရှင်ဟောကြားထားသည်။ ဒီအချက်ကို ယောဂီတို့ အထူး သတိပြုပါ။ စိတ်အကြည် (သို့) မန အကြည်သည် အတိတ်အာရုံ၊ အနာဂတ်အာရုံ၊ ပစ္စုပ္ပန်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ စသော အာရုံခြောက်ပါးနှင့် မဆက်ဆံမထိတွေ့ပဲ စိတ်အကြည်သက်သက်မျှ တည်နေ ခြင်းကို အရှုဉာဏ်က ပိုင်းခြားမြင်ရမည် ဖြစ်သည်။ စိတ်အကြည်(သို့) မနောအကြည်နှင့် ရှုတတ်သော စိတ်တို့ ကွဲပြားမှုရှိသည်ကိုလည်း သတိပြုပါ။ ထို့ကြောင့် တရားကျင့်သော ယောဂီသည် မိမိအရှုခံ မှန်မမှန် ကွဲပြားစွာ သိလိုလျှင် အထက်ပါ အာရုံခြောက်ပါးနှင့်မဖက် စိတ်အကြည်သက်သက်ကို ပိုင်းခြားမြင်လျှင် မှန်ပြီဖြစ်သည်။

(၂) ခြောက်ပါးသော ဗာဟိရာ ယတန

(၁) ရူပါရုံ = စက္ခုပဿဒ၌ တည်ဆဲအဆင်း
(၂) သဒ္ဒါရုံ = နားအကြည်၌ တည်ဆဲအသံ
(၃) ဃာနာရုံ = နှာအကြည်၌ တည်ဆဲအနံ့
(၄) ရသာရုံ = လျှာအကြည်၌ တည်ဆဲရသာ
(၅) ဖောဋ္ဌဗ္ဗာရုံ = ကိုယ်အကြည်၌ တည်ဆဲအတွေ့
(၆) ဓမ္မာရုံ = မနောသို့ ကြရောက်သော အာရုံပေါင်းစုံ

တရားကျင့်သောယောဂီတို့၏ ဒုတိယရှုမြင်နိုင်ရမည့် ပရမတ်ရုပ်တရားများကို မိမိအရှုဉာဏ်၌ ပိုင်းခြား မြင်နိုင်ရမည်ကို တွေဝေစရာမရှိ ဆုံးဖြတ်ရမည်။ မျက်စိဖြင့် ရူပါရုံကို မြင်ရာတွင် မိမိ၏ အရှုဉာဏ်သည် မျက်စိအပြင်ဘက်မှ အဆင်းအာရုံများကို အာရုံပြုနေပါက  အမြင်မှားနေသည်။ မိမိစက္ခုပသာဒမှ တည်ဆဲ အဆင်းရူပါရုံကို အရှုဉာဏ်ဖြင့် ပိုင်းခြားမြင်မှသာလျှင် အမြင်မှန် အရှုခံအမှန်ဖြစ်သည်။ ဤဖော်ပြချက်ကို အထူးသတိပြုပါ။ အဆင်းသည် စက္ခုပသာဒ၌ စက္ကန့်ပိုင်းမျှ ထင်ပြီးပျက်သွားလျှင်လည်း ထိုစက္ကန့်ပိုင်းမျှ ထင်သော စက္ခုပသာဒ၌ ထင်သည့်ရူပါရုံကို ပိုင်းခြားမြင်နိုင်ရမည်။ ဤကဲ့သို့ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရတို့ကို ဤနည်းအတိုင်း ပိုင်းခြားမြင်ရမည်ဟု မှတ်ပါ။ အကယ်၍ ထိုသို့ ပိုင်းခြားမမြင်သေးလျှင် မိမိ အရှုဉာဏ် မမှန်သေးဟု မှတ်ပါ။ ကာယပသာဒနှင့် ဖောဋ္ဌဗ္ဗာရုံတို့ တွေ့ဆုံရာတွင် အပြင်မှ လာထိတွေ့သော ရုပ်တရားနှင့် မိမိခန္ဓာကိုယ်ကို အာရုံပြုနေသေးလျက် မှားနေသည်ဟူ၍ သိပါလေ။

ဓမ္မာရုံကိုလည်း သိရမည် ဟူသည်မှာ ဓမ္မာရုံဟူသည် -
(၁) အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ စသော အာရုံငါးပါးတို့သည် ဒွါရ ငါးပေါက်၌ ထိတွေ့ပြီးနောက် မနသို့ ရောက်ရှိသော ထိုအာရုံငါးပါးနှင့်တူသော ဓမ္မဓာတ်
(၂) အတိတ် အနာဂတ်ကာလတို့၌ ထိုအာရုံငါးပါးတို့ကို စွဲယူထင်ခြင်းဓမ္မဓာတ်
(၃) နာမ် (၅၂) - နိဗ္ဗာန်၊ ပညတ်တရားများ ဖြစ်သည်။

နာမ်(၅၂)တွင် သာဝကတို့ မြင်နိုင်သောနာမ်မှာ ဝေဒနက္ခန္ဓာ၊ ပဉ္စဝိညာဏ် နှင့် ဖဿ ရှေ့ဖြစ် အဟိတ် သဟိတ် မနောဝိညာဏ်အစုတို့ဖြစ်သည်။ (၁)အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့စသော အာရုံငါးပါးတို့သည် ပစ္စုပ္ပန်ဆိုင်ရာ အကြည်ခြောက်စုံ၌ ထင်ပြီးလျှင် မနောသို့ ဓမ္မဓာတ်အဖြစ် ပြောင်းလဲရောက်ရှိသွားသည်။ ထိုကဲ့သို့ သိရန်ခက်သည့် ဓမ္မရုပ် တရားများကို မိမိအရှု ဉာဏ်ဖြင့် မမြင်သေးပါက တရားမြင်မှု မမှန်ကန်သေးပါ။ အထက်ပါ အာရုံငါးပါးတို့ အကြောင်းခံ၍ ပစ္စုပ္ပန်မရှိပဲ စိတ်ဖြင့် စွဲလမ်းထင်၍နေသော အာရုံတို့ ကိုလည်း မိမိ အရှုဉာဏ်၌ မမြင်သေးပါက မိမိတရားတွေ့မှု မမှန်သေးဟူ၍ မှတ်ယူပါ။ တရှိတ်ရှိတ်၊ တရွရွ၊ တမွမွ ဖြစ်နေသော ရူပကာယ၏ ဓာတ်မှုန်များကို မြင်ခြင်းသည် ပရမတ်ရုပ်ကို မြင်သည်ဟူ၍ စွဲယူနေကြသည်။ ထိုတရွရွ၊ တမွမွမှာပင် လမ်းဆုံးနေကြသည်။ ကာယပဿဒဟူသည် ပူမှု၊တင်းမှု၊ တောင့်မှု၊ ထုံမှု၊ ကျင်မှု စသည့် ပညတ်အာရုံပြုရုပ်တရားများ မဟုတ်ပေ။ အရိုးစု၊ အသုဘ၊ (၃၂)ကောဋ္ဌာသ စသော ပညတ်သိရုပ်တရားတို့သည်လည်း ပရမတ်အာရုံများ မဟုတ်ကြပေ။ ထိုရုပ်တရားတို့သည် တရုဏဝိပဿနာ (အခြေခံဝိပဿနာ (သို့) အားနည်းသောဝိပဿနာ) မျှသာရှိပေသည်။၎င်းအရှုခံအာရုံ များကို အခြေခံပြီး ကျင့်စဉ်တက်ခဲ့ရသည်မှာ မှန်သည်။ ယခု ဖော်ပြခဲ့သော (၁) နှင့် (၂) အာရုံများကို ပိုင်းခြားမြင်ရမည် ဟူသည်မှာ သင်ယောဂီအိပ်မက် မက်ရာတွင်၊ အိပ်မက်ထဲ၌ မိမိသည် လူ၊ တိရိစၦာန်၊ သစ်ပင်၊ တောတောင်၊ ရေမြေစသည့် အာရုံတို့ကို ပိုင်းခြားမြင်နေသည်။ အိပ်ယာနိုးလာသောအခါ မတွေ့မြင်နိုင်တော့ပါ။ အိပ်မက်ထဲ၌ မြင်မက်နေသော အာရုံ တို့သည် ဓမ္မာရုံဖြစ်သည်။ အိပ်မက်ထဲ၌ မိမိသည် ထိုအိပ်မက်ရာအာရုံတို့ကို ပိုင်းခြားမြင်ရသကဲ့သို့ တရား ရှုမှတ်ရာ၌လည်း ဓမ္မာရုံရုပ်တရားများကိုလည်ထိုနည်းအတိုင်း ပိုင်းခြားမြင်ရမည် ဖြစ်သည်။ (၃)နာမ်-(၅၂)တွင် ဒွါရငါးပေါက်၌တည်သော အဟိတ်ဝိညာဏ်(၅)မျိုးနှင့်၊ ဝေဒနက္ခန္ဓာ၊ ဖဿတည်း ဟူသော သင်္ခါရက္ခန္ဓာ အနီးကပ်ရှေ့ အဟိတ် သဟိတ်မနောဝိညာဏ် အစုတို့ ဖြစ်သည်။

(၃) ခြောက်ပါးသော ဝိညာဏ်

(၁) စက္ခုဝိညာဏ် = မြင်စိတ်
(၂) သောတဝိညာဏ် = ကြားစိတ်
(၃) ဃာနဝိညာဏ် = နံစိတ်
(၄) ဇိဝှါဝိညာဏ် = ရသာသိစိတ်
(၅) ကာယဝိညာဏ် = ကာယအတွေ့သိစိတ်
(၆) မနောဝိညာဏ် = အာရုံပေါင်းစုံ သိသောစိတ်

တရားရှုသောယောဂီသည် မိမိတရားတွေ့မှု၊ မြင်မှု၊ မှန်မမှန်ကိုလည်း ဤဝိညာဏ်ခြောက်မျိုးကို တွေ့မှု ရှိမရှိဖြင့် ခွဲခြားသိရမည်ဟူ၍လည်း သတိပြုပါ။ မြင်ဆဲအခိုက် မိမိ၏ မျက်နက်ဝန်းအတွင်း စက္ခုပသာဒ၌ တည်ဆဲဝိညာဏ်၊ ကြားဆဲအခိုက် သောတပသာဒ၌ တည်ဆဲဝိညာဏ်၊ နံဆဲအခိုက် နှာခေါင်းအကြည်၌ တည်ဆဲဝိညာဏ်၊ စားဆဲအခိုက် လျှာအကြည်၌ တည်ဆဲဝိညာဏ်၊ မိမိရူပကာယနှင့် ဖောဋ္ဌဗ္ဗာရုံတွေ့ဆဲအခိုက် ကာယအကြည်၌ တည်ဆဲဝိညာဏ်၊ အဟိတ်မနောဝိညာဏ်နှင့် အနီးကပ် သဟိတ်မနောဝိညာဏ်တို့ကို မိမိအရှု ဉာဏ်ဖြင့် ပိုင်းပိုင်းခြားခြား ထင်ရှားစွာ မြင်ရမည်။ စက္ကန့်ပိုင်းမျှပင် တိုက်ဆိုင်မှုကြောင့် ဖြစ်လာသော ထိုဝိညာဏ်  ခြောက်မျိုးကို ဝိပဿနာဉာဏ်ဖြင့် ပိုင်းခြားစွာ သိမြင်ရမည်။

မြင်စိတ် (အရှုခံ ရှေ့စက္ခုဝိညာဏ်စိတ်)၊ သိစိတ်(သို့)ရှုစိတ်(အရှုဉာဏ်နောက်သဟိတ်မနောဝိညာဏ်)
ကြားစိတ် (အရှုခံရှေ့သောတဝိညာဏ်စိတ်)၊ သိစိတ်(သို့)ရှုစိတ်(အရှုဉာဏ်နောက်သဟိတ်မနောဝိညာဏ်)
နံသိစိတ် (အရှုခံ ရှေ့ဃာနဝိညာဏ်စိတ်)၊ သိစိတ်(သို့)ရှုစိတ်(အရှုဉာဏ်နောက်အဟိတ်မနောဝိညာဏ်)
ရသာသိစိတ် (အရှုခံ ရှေ့ဇိဝှါဝိညာဏ်စိတ်)၊ သိစိတ်(သို့)ရှုစိတ်(အရှုဉာဏ်နောက်သဟိတ်မနောဝိညာဏ်)   
အတွေ့သိစိတ်(အရှုခံရှေ့ကာယဝိညာဏ်စိတ်)၊ သိစိတ်(သို့)ရှုစိတ်(အရှုဉာဏ်နောက်သဟိတ်မနောဝိညာဏ်)
ဓမ္မသိစိတ် (အရှုခံ ရှေ့မနောဝိညာဏ်စိတ်)၊ သိစိတ်(သို့)ရှုစိတ်(အရှုဉာဏ်နောက်သဟိတ်မနောဝိညာဏ်)
ဓမ္မသိစိတ်ဆိုသည်မှာ စိတ်အကြည်၌ ဓမ္မာရုံပေါ်ဆဲ(ဥပါဒ်ဆဲ) ဟိတ်ခြောက်ပါးမရှိသေးသော အဟိတ် မနောဝိညာဏ်စိတ်ကို ဆိုလိုသည်။

ဤနေရာ၌ လူတို့သည် စိတ်ကိုတစ်မျိုးတည်း (သို့မဟုတ်) တစ်စိတ်တည်း သိထားကြသည်။ ထို့ကြောင့် စိတ်ကို သတိထား၍ စိတ္တာနုပဿနာသတိပဋ္ဌာန် အားဖြင့် ရှုရာတွင် သတိလွတ်၍ တဏှာ ဥပါဒါန် စွဲသောရှေစိတ်ကို သတိပြန်ထားသော နောက်စိတ်ဖြင့် ရှုခြင်းမျိုးဖြစ်နေသည်။ သတိလစ်လျှင် တစ်ခါပြန်ပေါ်၍၊ သတိ ပြန်ထားသောအခါ တဏှာ ဥပါဒါန်အားဖြင့် စွဲယူထားသောစိတ်သည် ချုပ်သွားပြန်သည်။ ထိုအရှုခံစိတ် နှင့် အရှုဉာဏ်စိတ်တို့သည် ဟိတ်ခြောက်ပါးကိန်းသော စိတ်တစ်စိတ်တည်း ဖြစ်နေသည်။ မြတ်စွာဘုရား သိမြင်လိုသော အထက်ပါ အရှုခံအဟိတ်စိတ်များ မပါရှိသေးပါ။ ရုပ်နာမ်မြင်သည်ဆိုသည်မှာ အမြင်ခံစက္ခု ပသာဒ၌ ကျရောက်ဆဲ ရူပါရုံနှင့်  ထိုရူပါရုံနှင့် တထပ်တည်း ကိန်းနေသော စက္ခုပသာဒကို မှီဖြစ်သည့် စက္ခုဝိညာဏ်စသော ရုပ်နာမ်တစ်စုံကို အရှုဉာဏ် မနောဝိညာဏ်ဖြင့် ပိုင်းခြားမြင်မှသာ အမှန်မြင်ဉာဏ်မြင် ဖြစ်သည်။ ထိုသဘောတို့ကို ဤကျမ်းစာအုပ်၌ အဓိပ္ပာယ်နှင့်တကွ ပုံစံထုတ်၍ သဘောသဘာဝပေါ်အောင် ဆက်လက်ရှင်းပြသွားမည် ဖြစ်သည်။

(၄) ခြောက်ပါးသော ဖဿ

(၁) စက္ခုသမ္ဖဿ = စက္ခုအတွေ့
(၂) သောတသမ္ဖဿ = သောတအတွေ့
(၃) ဃာနသမ္ဖဿ = ဃာနအတွေ့
(၄) ဇိဝှါသမ္ဖဿ = ဇိဝှါအတွေ့
(၅) ကာယသမ္ဖဿ = ကာယအတွေ့
(၆) မနောသမ္ဖဿ = မနောအတွေ့

အထက်ပါ ဝိညာဏ်ခြောက်မျိုးပေါ်တိုင်း၊ ထိုဝိညာဏ်များနှင့် ယှဉ်ဖက်သဟဇာတပစ္စည်းဖြင့် ဖြစ်ပေါ် လာသော အာရုံကို မနောသို့ ပို့ဆောင်စေ၍ အာရုံနှင့် မနတို့ ကိုထိတွေ့ဆက်စပ်စေသည့် နာမ်ဓာတ် ဖြစ်သည်။ ထိုနာမ်ဓာတ်တို့သည် သိရန် အလွန်ခက်ခဲပါသည်။ ၎င်းနာမ်ဓာတ်ကိုလည်း မိမိဝိပဿနာ အရှုဉာဏ်၌ ထင်ထင်ရှားရှား ပိုင်းခြားမြင်ရမည်။ ထိုဖဿတည်းဟူသော နာမ်ဓာတ်ကို မမြင်သေးပါက မိမိအရှုဉာဏ် မမှန် သေးဟူ၍ မှတ်ယူပါ။ တရားမတွေ့သေးဟူ၍ လည်းမှတ်ယူပါ။

(၅) ခြောက်ပါးသော ဝေဒနာ

(၁) စက္ခုသမ္ဖဿာဇဝေဒနာ = စက္ခုအတွေ့ကြောင့်ဖြစ်သောခံစားမှု
(၂) သောတသမ္ဖဿာဇဝေဒနာ = သောတအတွေ့ကြောင့်ဖြစ်သောခံစားမှု
(၃) ဃာနသမ္ဖဿာဇဝေဒနာ = ဃာနအတွေ့ကြောင့်ဖြစ်သောခံစားမှု
(၄) ဇိဝှါသမ္ဖဿာဇဝေဒနာ = ဇိဝှါအတွေ့ကြောင့်ဖြစ်သောခံစားမှု
(၅) ကာယသမ္ဖဿာဇဝေဒနာ = ကာယအတွေ့ကြောင့်ဖြစ်သောခံစားမှု
(၆) မနောသမ္ဖဿာဇဝေဒနာ = မနောအတွေ့ကြောင့်ဖြစ်သောခံစားမှု

ဆိုင်ရာဒွါရသို့ ကျရောက်လာသော အာရုံ၏ ကောင်းရသ၊ ဆိုးရသကို ခံစားဖော်ပြသော နာမ်တရား ဖြစ်သည်။ ထိုဝေဒနက္ခန္ဓာ၏ ဖော်ပြဆဲပရမတ်ကို မိမိအရှုဉာဏ်ဖြင့် ပိုင်းပိုင်းခြားခြား ရှုမြင်နိုင်ရမည် ဖြစ်သည်။ မိမိ၏ ဝိပဿနာ ဉာဏ်မှန်မမှန်သိလိုလျှင် ဝေဒနက္ခန္ဓာကို ပိုင်းခြားမြင်မှု ရှိမရှိဖြင့် အဖြေထုတ်ပါ။

(၆) ခြောက်ပါးသော တဏှာ

(၁) စက္ခုသမ္ဖဿာဇဝေဒနာမှတဏှာ = စက္ခုအတွေ့ကြောင့်ဖြစ်သောခံစားမှုမှတဏှာ
(၂) သောတသမ္ဖဿာဇဝေဒနာမှတဏှာ = သောတအတွေ့ကြောင့်ဖြစ်သောခံစားမှုမှတဏှာ
(၃) ဃာနသမ္ဖဿာဇဝေဒနာမှတဏှာ = ဃာနအတွေ့ကြောင့်ဖြစ်သောခံစားမှုမှတဏှာ
(၄) ဇိဝှါသမ္ဖဿာဇဝေဒနာမှတဏှာ = ဇိဝှါအတွေ့ကြောင့်ဖြစ်သောခံစားမှုမှတဏှာ
(၅) ကာယသမ္ဖဿာဇဝေဒနာမှတဏှာ = ကာယအတွေ့ကြောင့်ဖြစ်သောခံစားမှုမှတဏှာ
(၆) မနောသမ္ဖဿာဇဝေဒနာမှတဏှာ = မနောအတွေ့ကြောင့်ဖြစ်သောခံစားမှုမှတဏှာ

ခြောက်ပါးသော တဏှာ ဟူသည်မှာ လောဘ၊ မောဟဦးဆောင်သော မနောသဟိတ်ဝိညာဏ်ကိုဆိုလိုသည်။ အရှုခံရမှာလည်း ထိုစိတ်အစုဖြစ်၍ ပြန်ရှုမြင်မှာလည်း ထိုသဟိတ်မနောဝိညာဏ်ပင် ဖြစ်သည်။ သတိဉာဏ် ကင်းသော (သို့) တဏှာ နှင့် ယှဉ်သော စိတ်ကို တဏှာ ဟုခေါ်သည်။ တဏှာကို ပိုင်းခြားမြင်ရမည်ဟု ဆိုလိုသည်။ ဤဖော်ပြချက်ကို ယောဂီတို့ အထူးသတိပြု သုံးသပ်ပါ။ တဏှာကို မြင်နိုင်ပါ့မလား ဟူ၍ တွေးတောတတ်သည်။ စိတ်ဆိုတာမြင်နိုင်ပါ့မလား ဟူ၍လည်း သုံးသပ်ကြသည်။ ဤသို့ သုံးသပ်ရခြင်းမှာ မြင်နိုင်သော သမာဓိ (သို့) စင်ကြယ်သော စိတ္တဝိသုဒ္ဓိမရှိ၍ ပြောဆိုသုံးသပ်ကြခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်က အထက်ပါ (၃၆)မျိုးသော ရုပ်နာမ်တို့ကို မြင်ရပါမည်ဟု ဆိုသည်မှာ သာဝကများမြင်နိုင်၍ ဟောကြားထားခြင်း ဖြစ်သည်။

ရာဟုလာ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို ဤမျက်စိသည် ငါ၏ ဥစ္စာဖြစ်၏၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ်အတ္တ တည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းအာရုံတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲပါကုန် အသျှင်ဘုရား။ စက္ခုဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ ပြုပြင်မှု သင်္ခါရ၊ သိမှု ဝိညာဏ် သည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို ဤအရာသည် ငါ၏ ဥစ္စာဖြစ်၏၊ ဤအရာသည် ငါဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။ ---ပ--- သဘောတရားတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲပါကုန် အသျှင်ဘုရား။ပ။ မနောဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။  မနောသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ} ပြုပြင်မှု ]သင်္ခါရ} သိမှု ]ဝိညာဏ်}သည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို ဤအရာသည် ငါ့ဥစ္စာဖြစ်၏၊ ဤအရာသည် ငါဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ဤသုတ္တန်ဒေသနာတော်အရ ဒိဋ္ဌိစင်ကြယ်စွာပြုတ်ရန်အတွက် စင်ကြယ်စွာသိရမည့် အရှုခံပရမတ် ရုပ်နာမ်များကို ဖော်ပြထားသည်။ ထိုသုတ္တန်၌ သတိပြုဖွယ်ရာအချက်မှာ-

(၁) စက္ခုဝိညာဏ်သည် နောက်ထပ်ဝိညာဏ်ဖြစ်စေသည်။
(၂) မနောဝိညာဏ်သည် နောက်ထပ်ဝိညာဏ်ဖြစ်စေသည်။

ထိုအချက်နှစ်ချက်ကို တရားကျင့်သောယောဂီတို့ အထူးသိရမည်ဖြစ်သည်။ မျက်စိအကြည်နှင့် အဆင်း ရူပါရုံ တွေ့ဆုံမှုကြောင့် စက္ခုပသာဒကို မှီ၍ စက္ခုပသာဒရှိ ရူပါရုံကို အာရုံပြုသော ဟိတ်ခြောက်ပါး မရှိသည့် မြင်သိရုံသက်သက်မျှသာ ရှိသော စက္ခုဝိညာဏ် ဖြစ်ပေါ်၏။ ထိုစက္ခုဝိညာဏ်သည် ပထမဖြစ်သောဝိညာဏ်၊ထိုစက္ခုဝိညာဏ်နှင့် ရူပါရုံစက္ခုအကြည် စသော သင်္ခါရတရား သုံးမျိုးတို့၏ ပြုပြင်မှု အကြောင်းတရားကြောင့် နောက်ထပ်ဖြစ်သော အကျိုးတရား စက္ခုသမ္ဖဿဓာတ် ဖြစ်ပေါ်လာသည်။ ထိုပြုပြင်တတ်သော စက္ခုသမ္ဖဿကြောင့် အကျိုးတရား အသစ်ဖြစ်သော ပြုပြင်တတ်သည့် သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝေဒနာက္ခန္ဓာ ဝိညာဏက္ခန္ဓာ စသော ဝိညာဏ်အစု ဖြစ်ပေါ်လာသည်။ ဒုတိယဖြစ်သော ဝိညာဏ်သည် မနောဝိညာဏ်ဖြစ်သည်။ထို့အတူ အမှတ်(၂) ရှေ့ဖြစ်မနောဝိညာဏ်ကြောင့် နောက်ဖြစ်မနောဝိညာဏ် ဖြစ်သည်။ ထိုဝိညာဏ်တို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ရမည်ဖြစ်သည်။ ထိုဝိညာဏ်တို့၏ ဖြစ်ကြောင်းကို လည်းကောင်း၊ ဖြစ်မှုပျက်မှုကိုလည်းကောင်း၊ ဆက်စပ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ် ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်း၊ ပိုင်းခြားသိမြင်နိုင်မှသာလျှင် မိမိဝိပဿနာဉာဏ် မှန်မည်ဟူ၍ မှတ်ယူရမည်။ ထိုရုပ်နာမ်အစဉ်အဆက်သဘောကို ဤကျမ်းစာအုပ်၌ သဘောပေါ်အောင် ပုံစံနှင့်တကွ ရှင်းပြပေးမည်ဖြစ်သည်။

ယခု ဖော်ပြခဲ့ပြီးသော (၃၆)မျိုးသော အရှုခံ ပရမတ်ရုပ်နာမ်တို့ကို မြင်နိုင်အောင် မပြနိုင်သော ဆရာသည် ဆရာစစ်ဆရာမှန် မဟုတ်နိုင် ဟူ၍ မှတ်ယူပါ။ တရားပြသော ဆရာသည် အထက်ပါ (၃၆)မျိုးကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်ပြီး ဖြစ်ရမည်။ တရားကျင့်သူကလည်း မဂ်နှင့်အသက် လဲနိုင်သော စိတ်ဆန္ဒ ပြည့်စုံရမည်ဖြစ်သည်။ တရားပြဆရာသည် မိမိ၏ တပည့်အား အထက်ပါ (၃၆)မျိုးကို မြင်နိုင်ရန် ပန်းတိုင်ထား၍ တရားကျင့်နေသည် ဟူ၍ ညွှန်ကြားရမည်။ အထက်ပါ (၃၆)မျိုးသော အရှုခံ နာမ်ရုပ်တို့ကို မြင်မှသာလျှင် ပရမတ်ရုပ်နာမ်ကို မြင်သည်။ ခန္ဓာကိုမြင်သည်။ ဇာတိကိုမြင်သည်။ ဒုက္ခသစ္စာကို မြင်သည် တရားမြင်သည်ဟူ၍ ယောဂီတို့ မှတ်ယူထားရမည်ဟုညွှန်ကြားပေးရမည်။

ယခုအခါ တရားပြတရားကျင့် ပုဂ္ဂိုလ်တို့သည် ရုပ်နာမ်နှင့် ရုပ်နာမ်သဘောတို့ကို ဟောကြ ရှုကြ တွေ့ကြသည်ဆိုပေမယ့် တွေ့မြင်နိုင်သော စိတ်စင်ကြယ်မှု မရှိသေးပဲ ထိုရုပ်နာမ်တွေကိုအထင်ဖြင့် ပြောဆိုနေကြခြင်းက များသည်။ မြတ်စွာဘုရားရှင်သည် ဤကဲ့သို့မဖြစ်ရန် အောက်ပါအတိုင်း ဟောကြားထားသည်။ အထူးထူးရှုမြင်မှု ဝိပဿနာ တရား ထို(သမထ ဝိပဿနာတို့)တွင် (အနိစ္စ အစရှိသော) အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု ဝိပဿနာ ဟူသည် အဘယ်နည်း။ အကြင် (ခွဲခွဲခြားခြား) အပြားအားဖြင့်သိမှု၊ (ခွဲခွဲခြားခြား)အပြားအားဖြင့် သိခြင်း။ပ။ (အမှန်သဘော၌) မတွေဝေမှု (အမှန်ကိုသိမှု)၊ (သစ္စာလေးပါး)တရားတို့ကို စိစစ်ခြင်း သဘော၊ ကောင်းစွာသိမြင်မှု(အမြင်မှန်မှု) သမ္မာဒိဋ္ဌိ သည် (ရှိ၏)။ ဤ(ဆိုအပ်ခဲ့ပြီးသော)သဘောကို (အနိစ္စ အစ ရှိသော) အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု ဝိပဿနာဟု ဆိုအပ်၏ (ပညာ)။

အထက်ပါ(၃၆)မျိုးသော ရုပ်နာမ်တို့ကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်ပြသော် ဝိညာဏ်၊ နာမ်ရုပ်၊  သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာတို့ပင် ဖြစ်သည်။ ထိုနာမ်ရုပ်အစဉ်ကို သညာဖြင့် မှတ်သိပြီးလျှင် ယထာဘူတဉာဏ်ဖြင့် ပိုင်းပိုင်းခြားခြား မြင်အောင် အားထုတ်မှသာလျှင် အကျိုးရှိမည်။အထက်ပါ (၃၆)မျိုးသော ရုပ်နာမ်တို့သည် သက္ကာယဟု ခေါ်သည်။ ထိုရုပ်နာမ်တို့ကို ငါပဲ၊ ငါ့ဥစ္စာပဲဟု အမြင်မှားခြင်းကို သက္ကာယဒိဋ္ဌိဟု ခေါ်သည်။    ဒိဋ္ဌိသည် သဟိတ်စိတ်၌ ကပ်ခြင်းဖြစ်သည်။ ဒိဋ္ဌိပြုတ်လိုလျှင် ထိုသက္ကာယကို အနတ္တ၊ အနိစ္စ၊ ဒုက္ခ ဟု ပိုင်းခြားမြင်အောင် ရှုရမည်ဖြစ်သည်။ တခြားရုပ်နာမ်မရှိပါ။ဤကျမ်းစာအုပ်သည် ထိုသက္ကာယ၏ သဘာဝနှင့် ဆက်စပ်ပုံတို့ကို ပိုင်းခြားမြင်အောင် ဝိပဿနာ ယာနိကဖြင့် ကျင့်စဉ်တက်ပုံကို ဆက်လက်ရေးသားသွားမည် ဖြစ်သည်။

သစ္စာလေးပါးတရားတော်သည် အလွန်မှသိရန် ခက်ခဲနက်နဲသော တရားတော်ဖြစ်သည်။ အရိယာတို့ သာလျှင် သိအပ်သောအရာပင် ဖြစ်ပေသည်။ ဒုက္ခသစ္စာဟူသည် ဆဆက္ကသုတ္တန်မှ ဖော်ပြထားသော (၃၆)မျိုးသော ရုပ်နာမ်တို့ပင် ဖြစ်သည်။ ထိုရုပ်နာမ်တို့ကို မြင်တတ်သော သဘောသည် ဉာဏ်နှင့်ယှဉ်သော သဟိတ်ဝိညာဏ် ဖြစ်သည်။ သားမြီးဖျားအချင်းချင်း ဖောက်ထွင်းနိုင်ခြင်းထက် ထို(၃၆)မျိုးသော ရုပ်နာမ်တို့ကို မြင်ဖို့ရန် ပို၍ပင်ခက်ခဲနက်နဲသည်ဟု မြတ်စွာဘုရား ဤကဲ့သို့ ဟောထားသည်။ ဤမျှခက်ခဲနက်နဲသော သစ္စာလေးပါးတရားတော်ကို ယခုအခါ လွယ်လွယ်နှင့်သိနိုင်မြင်နိုင်သလို၊ လွယ်လွယ်နှင့်ကျင့်၍ရသလို၊ နာရုံနှင့်ပြီးနေသလို ပေါ့ပေါ့တန်တန် သဘောထားနေကြပြီဖြစ်သည်။

အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ အကြင်သူသည် ဝေးသောအရပ်မှပင် မျှားကို သေးငယ်သော သံကောက်ပေါက်ဖြင့် အဆင့်ဆင့် မလွဲမချော်ဝင်၍ ကျစေနိုင်ရာ၏။ အကြင်သူသည်ကား၊ ခုနှစ်စိတ်ခွဲစိတ်ထားသော သားမြီးဖျားအချင်းချင်း (အဖျားဖြင့်အဖျားကို) ထိုးဖောက်နိုင်ရာ၏။ (ဤနှစ်မျိုးတွင်) အဘယ်ကပို၍ ခဲယဉ်းသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကြင်သူသည် ခုနှစ်စိတ်ခွဲစိတ်ထားသော သားမြီးဖျားအချင်းချင်း (အဖျားဖြင့်အဖျားကို) ထိုးဖောက်နိုင်ရာ၏။ ဤအရာကသာလျှင် ပို၍ ခဲယဉ်းပါ၏ဟု (လျှောက်၏)။ အာနန္ဒာ စင်စစ်အားဖြင့် ဤကားဆင်းရဲတည်းဟု ဟုတ်တမ်းမှန်စွာ သိကြသူ။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ရောက်ကြောင်း အကျင့်တည်းဟု ဟုတ်တမ်းမှန်စွာ သိကြသူတို့သည် ပို၍ ထိုးထွင်းသိနိုင်ခဲသော အရာကို ထိုးထွင်းသိကုန်၏။; ဓမ္မစကြာဒေသနာတော်၌ {ဣဒံ ခေါ ပန၊ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ} ဤ(၃၆)မျိုးသော ခန္ဓာငါးပါး ဒုက္ခသစ္စာသည် အရိယာတို့သာလျှင် မြင်အပ်သော အမှန်တရားဖြစ်သည်ဟု မြတ်စွာဘုရား ဟောထားသည်။ တရားကျင့်သော ယောဂီတို့သည် အရိယာဉာဏ်မရောက်သေးပဲနှင့် သစ္စာလေးပါးကို မမြင်နိုင်၊ မသိနိုင်သေးပါ။ သင်ကြားမှုဖြင့်သိသော သစ္စာလေးပါး တရားတော်သည် နာယူမှတ်သားသော အသိသာ ရှိသေးသည်။ ထိုးထွင်း၍ သိမြင်နိုင်ရန် စင်ကြယ်သော စိတ်ရှိမှ မြင်နိုင်သည်ကို သတိပြုပါ။ ဤကျမ်းစာအုပ်၌ စိတ် စင်ကြယ်မှု အဆင့်ဆင့်ကို ကျင့်စဉ်နှင့်တကွ ဖော်ပြထားသည်။

တရားကျင့်သောယောဂီတို့သည် ပရမတ်ရုပ်နာမ်တို့ကို မြင်ရန်အတွက် အားထုတ်ရာတွင် အရှုခံရုပ်နာမ်တို့ကို မှန်းဆသိ၊ ကြံစည်သိ၊ တွေးတောသိမျိုး မဟုတ်ကြောင်းနှင့် အထူးသိအပ်၊ ပိုင်းခြားအပ်၊ ခွာအပ်သည့် တရားများကိုလည်း ဤကဲ့သို့ မြတ်စွာဘုရား ဟောထားသည်။ ရဟန်းတို့ မျက်စိကို၊ အဆင်းတို့ကို စက္ခုဝိညာဏ်ကို၊ စက္ခုသမ္ဖဿကို၊ စက္ခုသမ္ဖဿကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ၊ ဒုက္ခ၊ ဥပေက္ခာကို သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ စသည်တို့၌လည်းကောင်း၊ သဘော တရားတို့ကို (ဓမ္မာရုံကို) မနောဝိညာဏ်ကို။ ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ၊ ဒုက္ခ၊ ဥပေက္ခာကိုလည်း၊ အထူးသိလျှင်၊ ပိုင်းခြား၍သိလျှင်၊ ခွာနိုင်လျှင်၊ ပယ်နိုင်လျှင်၊ ဆင်းရဲ ကုန်ခြင်းငှာ ထိုက်၏ အကြားအမြင် မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာတပည့် ကွာခြား၏။ အရိယာ တပည့် (သို့) တရားကျင့်သောယောဂီသည် အရှုခံရုပ်နာမ်တို့ကို မှန်းဆသိ နာကြားသိ စာဖတ်သိမျိုး မဟုတ်ပဲ ပိုင်းပိုင်းခြားခြား သိရမည်ကို လည်းကောင်း၊ မိမိကိုယ်ကို အရိယာ မဆိုထားနှင့်၊ အရိယာတပည့်မျှပင် ဖြစ်သေးလားဟူ၍ လည်းကောင်း၊ တရားတွေ့ပြီ တရားမြင်ပြီ မှန်ရဲ့လားဟု သိလိုပါက အောက်ပါ ဘုရားရှင် ဟောထားသော ဒေသနာနှင့် ကိုက်ညှိကြည့်ပါ။

သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်၏ ဖြစ်ခြင်းကို ၎င်း ချုပ်ခြင်းကို၎င်း သာယာဖွယ်ကို၎င်း အပြစ်ကို၎င်း လွတ်မြောက်မှုကို၎င်း ဟုတ်တိုင်းမှန်စွာမသိ၊ ဝေဒနာ၏။ သညာ၏။ သင်္ခါ်ရတို့၏။ ဝိညာဏ်၏ ဖြစ်ခြင်းကို၎င်း ချုပ်ခြင်းကို၎င်း သာယာဖွယ်ကို၎င်း အပြစ်က၎င်း လွတ်မြောက်မှုကို၎င်း ဟုတ်တိုင်းမှန်စွာမသိ၊ ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၏ ဖြစ်ခြင်းကို၎င်း ချုပ်ခြင်းကို၎င်း သာယာဖွယ်ကိ၎င်း အပြစ်ကို၎င်း လွတ်မြောက်မှုကို၎င်း ဟုတ်တိုင်းမှန်စွာ သိ၏။ ဝေဒနာ၏။ သညာ၏။ သင်္ခါ်ရတို့၏။ ဝိညာဏ်၏ ဖြစ်ခြင်းကို၎င်း ချုပ်ခြင်းကို၎င်းသာယာဖွယ်ကို၎င်း အပြစ်ကို၎င်း လွတ်မြောက်မှုက   ဟုတ်တိုင်းမှန်စွာ သိ၏ဟု (မိန့်တော်မူ၏)။

တရားမြင်သည်ဆိုသည်မှာ ခန္ဓာအစုအဝေး၏ အပြင်ဖက်မှာ မရှိ။ ခန္ဓာအတွင်း၌သာ ရှိသည်။ ထိုအတွင်းခန္ဓာအစုဖြစ်သော ရုပ်နာမ်တို့ကို ပိုင်းပိုင်းခြားခြား မြင်ရမည်ဖြစ်သည်ကို မြတ်စွာဘုရားရှင် ဤကဲ့သို့ ဟောထားသည်။ မျက်စိကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏၊ နှာခေါင်းကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏၊ လျှာကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏၊ ကိုယ်ကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏၊ စိတ်ကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ မျက်စိကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။မျက်စိသည် အဝိဇ္ဇာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် တဏှာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် ကံကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် အာဟာရကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် မဟာဘုတ်ဓာတ်လေးပါးတို့ကို စွဲ၍ ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် ဖြစ်ဆဲဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည်ကောင်းစွာ ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် မဖြစ်မူ၍ ဖြစ်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိကို  အဆုံးအပိုင်းအခြား ရှိသောအားဖြင့်  ပိုင်းခြားမှတ်သား၏၊ မျက်စိသည် မမြဲ၊ မြဲသောသဘောမရှိ၊ ဖောက်ပြန်သော သဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏၊ မျက်စိသည် နိစ္စသဘောမရှိ၊ ပြုပြင်အပ်သော သဘောရှိ၏ဟု ပိုင်းခြားမှတ်သားအပ်၏၊ မျက်စိသည် နိစ္စသဘောမရှိ၊ ပြုပြင်အပ်သော သဘောရှိ၏၊ အကြောင်းကိုစွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ ဟု ပိုင်းခြားမှတ်သားအပ်၏။

နာဂိတ တွေ့ထိမှု ဖဿ ဖြစ်ပေါ်ကြောင်း အာယတန ခြောက်ပါးတို့၌ အနိစ္စဟု အဖန်ဖန် ရှုလေ့ ရှိသည်ဖြစ်၍ နေသောသူအား တွေ့ထိမှု ဖဿ၌ စက်ဆုပ်ရွံရှာခြင်းသည် ကောင်းစွာ တည်၏၊ ဤအဖြစ်သည် ထို (အဖန်ဖန် ရှုလျက်နေခြင်း)၏ အကျိုးဆက်ပေတည်း။နာဂိတ (ပြင်းစွာစွဲလန်းမှု) ဥပါဒါန်တရား၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ဖြစ်ခြင်းပျက်ခြင်းကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေသောသူအား ပြင်းစွာစွဲလမ်းမှု ဥပါဒါန်၌ စက်ဆုပ်ရွံရှာခြင်းသည် ကောင်းစွာ တည်၏၊ ဤအဖြစ်သည် ထို (အဖန်ဖန် ရှုလျက်နေခြင်း)၏ အကျိုးဆက်ပေတည်းဟု (မိန့်တော်မူ၏)။ အထက်ပါဒေသနာတော်အရ အာယတန ခြောက်ပါးတို့၌ အနိစ္စဟု အဖန်ဖန် ရှုလေ့ ရှိသည်ဖြစ်၍ နေသောသူအား ဟု ပါရှိသည်ကို သတိပြုပါ။ ရှုသည်ဆိုသည်မှာ ပိုင်းခြားမြင်၍သာ ရှုနိုင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ မြင်မှသာလျှင် အမြင်မှားယူမှု သက္ကာယဒိဋ္ဌိနှင့်တကွ ယုံမှားမှုç အကျင့်၌မှားယွင်းစွာသုံးသပ်မှု တို့ပါ ချုပ်မည်ဖြစ်သည်။ ရဟန်းတို့ တဦးတယောက်သော ရဟန်းသည် တွေ့ထိမှုဖဿ၏ တည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကို၎င်း ချုပ်ခြင်းကို၎င်း သာယာဖွယ်ကို၎င်း အပြစ်ကို၎င်း ထွက်မြောက်မှုကို၎င်း ဟုတ်တိုင်းမှန်စွာ မသိ၊ ထို မသိသောရဟန်းသည် မြတ်သော အကျင့်ကို မကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ သာသနာတော်မှ ဝေး၏။  အထက်ပါဒေသနာတော်၌ အကြည်ခြောက်စုံ စသော အတွင်းအာယတနတို့ကို မမြင်က ဓမ္မဝိနယတည်းဟူသော သာသနာနှင့် ဝေးသေးသည် (သို့) ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် မရရှိသေးဟူ၍ မှတ်ယူရမည်။ တရားကျင့်သော ယောဂီတို့သည် မိမိ၏ အရှုဉာဏ် မှန် မမှန် (သို့) မိမိ၏ကျင့်စဉ် မှန်မမှန် သိလိုပါက အထက်ပါ အာယတနခြောက်ပါးကို ပိုင်းခြားမြင်မှု ရှိမရှိဖြင့် ဆုံးဖြတ်ပါ။

ရဟန်းတို့ မျက်စိကို မျက်မှောက်ပြုအပ်၏၊ အဆင်းတို့ကို မျက်မှောက်ပြုအပ်ကုန်၏၊ မျက်စိအသိစိတ် စက္ခုဝိညာဏ်ကို မျက်မှောက်ပြုအပ်၏၊ မျက်စိအတွေ့ စက္ခုသမ္ဖဿကို မျက်မှောက်ပြုအပ်၏၊ မျက်စိအတွေ့ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာကို မျက်မှောက်ပြုအပ်၏။ အထက်ပါဒေသနာတော်အရ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရမည့် ရုပ်နာမ်တို့သည် တရားကျင့်သော ယောဂီခန္ဓာအပြင်ဖက်မှာ မရှိ။ ဒွါရတို့၌သာ အရှုခံတရားများရှိသည်။ တရားကျင့်သောယောဂီတို့၏ အရှုဉာဏ်ဖြင့် မျက်မှောက်ပြုရမည့် တရားများမှာ အမျိုးမျိုးအဖုံဖုံ မရှိကြောင်းကို မြတ်စွာဘုရားရှင်သည် များစွာဟောထားသည်။ မသေမချာ မဖြစ်စေရန် အထက်ပါအတိုင်း မျက်မှောက်ပြုအပ်၏ဟု ရှင်းရှင်း ဖော်ပြထားသည်။ တရားပြသောဆရာများကလည်း မိမိယောဂီအား အထက်ပါအာယတနတို့ကို အမှန် မျက်မှောက်ပြုနိုင်ရန် ကျင့်စဉ်ပေးရမည်။ မိမိယောဂီများကိုလည်း အာယတနတို့ကို မျက်မှောက်ပြုရှုမြင် နိုင်မှသာ တရားစစ်တရားမှန်ဖြစ်သည်ဟူ၍လည်း ရှင်းပြရမည်။ ထိုအာယတနတို့ကို မသိ၍ ဒိဋ္ဌိကပ်ခြင်း ဖြစ်သဖြင့် ဒိဋ္ဌိပြုတ်ရန်မှာလည်း ထိုအာယတနတို့ကို အမှန်မြင်၍ မျက်မှောက်ပြုနိုင် ပိုင်းခြားမြင်နိုင်မှ သာလျှင် ဒိဋ္ဌိပြုတ်မှုအမှန်ဖြစ်ကြောင်း ရှင်းပြရမည်။ မျက်မှောက်ပြုနိုင်ရန် အားထုတ်မှုကိုလည်း အသက်နှင့် ခန္ဓာ မငဲ့ကွက်ပဲ ကျင့်ရမည်ဟု တိုက်တွန်းရမည်ဖြစ်သည်။

"ဤတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏"ဟု နာကြားအပ်သော တရားသဘော (ဖြစ်သော) ပညာသည် အဘယ်သို့လျှင် (သုတမယ)ဉာဏ် မည်သနည်း။

အာသဝေါတရားနှင့်တကွဖြစ်သော ဥပါဒါန်၏အာရုံဖြစ်သော ဖဿဟူသော တပါးသောတရားကို ပိုင်းခြား၍ သိအပ်၏။နာမ်ရုပ်ဟူသောတရားနှစ်ပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ဝေဒနာသုံးပါးတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ အာဟာရလေးပါးတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ဥပါဒါန်တို့၏အာရုံဖြစ်သော ခန္ဓာငါးပါးတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။အဇ္ဈတ္တသန္တာန်၌ဖြစ်သော အာယတနခြောက်ပါးတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ဝိညာဉ်တည်ရာခုနှစ်ပါး တရားတို့ကို ပိုင်းခြား၍  သိအပ်ကုန်၏။ လောကဓံရှစ်ပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ သတ္တဝါတို့နေထိုင်ရာကိုးပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ တည်ရာအာယတနဆယ်ပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ အထက်ပါဒေသနာတော်အရ အရိယာမဂ်တိုင်အောင် တရားအားထုတ်ကြသော ယောဂီတို့သည် သောတာပန်ပုဂ္ဂိုလ်တို့၏ ဒဿနကိစ္စဖြစ်သော အထက်ပါပိုင်းခြားသိအပ်သည့် တရားများကို မိမိ၏အရှု ဉာဏ်၌ ပိုင်းပိုင်းခြားခြား မြင်ရမည်ဖြစ်သည်။ မည်သည့်နည်းဖြင့် ကျင့်သည်ဖြစ်စေ ရှုမြင်ရသည်မှာ အတူတူပင် ဖြစ်သည်။ အကျင့်ကြမ်းသည်နုသည် ပဓာနမဟုတ်။ ပိုင်းခြားမြင်မှုအပေါ်၌သာ ဆုံးဖြတ်ရမည်။

မျက်စိအသိစိတ် စက္ခုဝိညာဏ်ကို ထူးခြားစွာသိအပ်၏---ပ---စိတ်အသိ မနောဝိညာဏ်ကို ထူးခြားစွာသိအပ်၏။မျက်စိအတွေ့ စက္ခုသမ္ဖဿကို ထူးခြားစွာသိအပ်၏---ပ---စိတ်အတွေ့ မနောသမ္ဖဿကို ထူးခြားစွာသိအပ်၏။မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှုဝေဒနာကို ထူးခြားစွာသိအပ်၏---ပ---စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှုဝေဒနာကို ထူးခြားစွာသိအပ်၏။ အထက်ပါဒေသနာတော်အရ ဝိပဿနာဟူသည့် ထူးစွာမြင်မှုဆိုသည်မှာ ဆင်ခြင်တွေးတော ကြံစည်မှန်းဆ နာယူမှတ်သားသိမှုမျိုး မဟုတ်ပဲ စိတ်၌ ဖုံးအုပ်ထားသော ကိလေသာနှင့် ပညတ်များ မရှိသော စင်ကြယ်သည့် အရှုဉာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသော အသိကိုသာလျှင် ဆိုလိုခြင်းဖြစ်သည်။

တရားကျင့်သော ယောဂီတို့သည် အထက်ပါ ဘုရားဟောဒေသနာတော်အကျဉ်းကို လိုရင်းလောက်သာ ဖော်ပြခြင်းဖြစ်သည်။ အာယတန တရားတည်းဟူသော (၃၆)မျိုးသော ရုပ်နာမ်တို့သည် ယောဂီတိုင်း အတူတူရှိကြသည်။ ထို့ကြောင့် သူ့တရား ငါ့တရားဟူ၍လည်းကောင်း၊ သူတရားမြင်မှုနှင့် ငါတရားမြင်မှု မတူဘူးဟူ၍လည်းကောင်း မရှိသင့်ပေ။ တရားပြဆရာတို့သည်လည်း အထက်ပါ(၃၆)မျိုးသော ရုပ်နာမ်မှတပါး အခြားရုပ်နာမ်မြင်ရန် ပြစရာမရှိသဖြင့် ဆရာတို့၏ ရည်ရွယ်ချက်လည်း တူညီရမည်ဖြစ်သည်။

ရတနာအောင် ကျောင်းတော်

မကွေးတိုင်း အောင်လံမြို့၊ တိုက်ခွဲအမှတ် (၃၂)  သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ။

09-24-50011

 

This email address is being protected from spambots. You need JavaScript enabled to view it.