သဲအင်းဂူဓမ္မရိပ်သာ

သဲအင်းဂူဓမ္မရိပ်သာ

သဲအင်းဂူ (၃၂) ဝက်ဘ်ဆိုဒ်ကို အင်တာနက်၌ တင်ထားခြင်း၏ ရည်ရွယ်ချက်သည် မိမိတို့ ဗုဒ္ဓဘာသာဝင်များ မလွဲသာ၍ တိုင်းတပါး၌ သွားရောက် စီးပွားရှာနေရသဖြင့် ဘာသာတရားနှင့် ကင်းဝေးနေကြရသည်။ သို့ဖြစ်ပါ၍ ကိုယ်ချင်းစာတရားထားကာ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အား သိသင့်သိထိုက်သောတရားများ နာကြား နိုင်ရန်နှင့် ဆရာမရှိသော်လည်း ဆရာနဲ့အတူ တရားကျင့် နေရဘိသကဲ့သို့ ဝိပဿနာတရား အားထုတ်နိုင်ရန်မတ္တာထား ကိုယ်ချင်းစာ တရားပွားကာ တရားကျင့်စဉ်များကို အချိန်ရသလောက် အားထုတ်နိုင်ရန် အခြေခံဝိပဿနာ တရားကျင့်စဉ်များကိုလည်း တင်ပြထားသည်။ လက်တွေ့ကျင့်စဉ်တရားရူကွက်များ၊ တရားကျင့်သူတို့ တရားကျင့်စဉ် အစဉ် အဆက် မှန်အောင် ကျင့်စဉ် သဘောတရားများကိုလည်း ထည့်သွင်းထားသည်။ ကျင့်စဉ် နည်းစနစ်အတိုင်း လိုက်နာ ကျင့်ကြံပါက သေခြင်းဆင်းရဲမှ လွတ်မြောက်နှိင်မည် ဖြစ်ကြောင်း အာမခံပါသည်။ တရားကျင့်စဉ် နည်းစနစ်များကို ဆရာရှိနေဘိသကဲ့သို့ စည်းကမ်းရှိရှိလေးလေးစားစား ကျင့်ဖို့ လိုသည်။ ဆရာမရှိသဖြင့် ကျင့်လိုကကျင့် မကျင့်လိုက မကျင့်ပဲ မိမိထင်သလို ပြုနေမည်ဆိုလျှင် တရား ကျင့်ရကျိုး သိမည်မဟုတ်ပေ။ ယခု တင်ပြထားသော ကျင့်စဉ်၏ နိဒါန်း အမှာကိုလည်း သေချာစွာ နာယူပါ။ ကျင့်စဉ် တစ်ခု၏ အမှာကိုလည်း သေသေချာချာ နာယူပါ။ ကျင့်စဉ် နည်းစနစ်အတိုင်း လေးလေးစားစား ကျင့်ကြံပါက သေခြင်းဆင်းရဲမှ လွတ်ကြောင်းနည်းကောင်းရမည်ကို အာမခံသည်။

(၁) အခြေခံ-ဝိပသနာ ကျင့်စဉ်-MP3 (အိမ်တွင်း ဝိပသနာ ကျင့်စဉ် ဓာတ်ပြား)

(၂) အခြေခံ-ဝိပသနာ ကျင့်စဉ်ရှင်းတမ်း - MP3

(၃) အထွေထွေနာကြားစရာ - MP3

(၄) ၉ - ရက်စခန်းနိဗ္ဗာန်လမ်းစာအုပ်

(၅) အပမာဒ - ဆုံးမစာအုပ်ငယ်

(၆) သောတပတ္တိမဂ်ရှူဘွယ်စာအုပ်

(၇) တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပသနာ-တည်ထောင်မှူ့ သမိုင်းအကျဉ်းချုပ်

(၈) နှစ်စဉ် ပုံမှန်တရား စခန်းပွဲ ကျင်းပချိန်

(၉) ဆက်သွယ်နိုင်သည့် လိပ်စာနှင့် တယ်လီဖုန်း

 

(၁) အခြေခံ-ဝိပသနာ ကျင့်စဉ်- MP3 (အိမ်တွင်းဝိပဿနာကျင့်စဉ် )ဓာတ်ပြားတွင်

(က) အိမ်တွင်းဝိပဿနာကျင့်စဉ်
(ခ) ကျင့်စဉ် ရှင်းတမ်း
(ဂ) အထွေထွေ ဟောစဉ်
(ဃ) သေခါနီး လူနာများ အတွက် ဟောစဉ်နှင့် ကျင့်စဉ်

မှတ်ချက်။   ။ အထက်ပါ ဓါတ်ပြားများကို DVD ရုပ်သံဖြင့် နာယူလိုပါက This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်၍ ကြိုတင်ငွေပေးစနစ်ဖြင့် မှာယူ နိုင်ပါသည်။

 

အခြေခံ-ဝိပဿနာ ကျင့်စဉ်- MP3 (အိမ်တွင်းဝိပဿနာကျင့်စဉ်) ဓာတ်ပြားတွင်

(၁) အထွေထွေ ကျင့်စဉ်အတွက် နိဒါန်းအမှာ
(၂) အမှတ် (၃) အာနာပါန ပထမကျင့်စဉ်အတွက် အမှာ
(၃) အာနာပါန လက်တွေ့ ကျင့်စဉ်
(၄) အမှတ် (၅) ဘောင်ချိန် ကျင့်စဉ်အတွက် အမှာ
(၅) ဘောင်ချိန် လက်တွေ့ ကျင့်စဉ်
(၆) အမှတ် (၇) ဘဝင်ပိုင်း ကျင့်စဉ် အတွက် အမှာ
(၇) ဘဝင်ပိုင်း  လျောင်းလဲ လက်တွေ့ ကျင့်စဉ် (၁)
(၈) ဘဝင်ပိုင်း အထိုင် လက်တွေ့ ကျင့်စဉ် (၂)
(၉) အမှတ် (၁ဝ) ဝေဒနာမှ တဏှာဖြတ် ကျင့်စဉ် အတွက် အမှာ
(၁ဝ) ဝေဒနာမှ တဏှာဖြတ် လက်တွေ့ ကျင့်စဉ်
(၁၁) နိဂုံးချုပ် အမှာ

အမှတ် (၃) လက်တွေ့ကျင့်စဉ်တွင် (၂)နာရီကျင့်စဉ်အထိ ရှုကွက်ပေးထားသော်လည်း စတင်ကျင့်သောသူသည် (၁) နာရီကန့်သတ်၍ကျင့်ပါ။ (၁)နာရီ ကျင့်စဉ်အတွင်း ညွှန်ကြားထားသည့်အတိုင်း စနစ်တကျကျင့်ပါ။ စနစ်တကျ (၁)နာရီ ကျင့်စဉ် ကျေညက်မှ မိနစ်(၃ဝ) တိုးကျင့်ပါ။

အဓိကကျသည့် အချက်မှာကျင့်စဉ် စည်းကမ်းများအတိုင်းစနစ်တကျကျင့်ဖို့နှင့် သဒ္ဓါ(ယုံကြည်မှု)၊ ဝီရိယ(အားစိုက်ထုတ်မှု)၊ သတိ(ထိချက်ကိုအာရုံပြု မှု)၊ သမာဓိ(ထိချက်၌စိတ်တည််မှု)၊ ပညာ (ကျင့်စဉ်နည်းစနစ်အတိုင်း စနစ် ကျ မကျ ပိုင်းခြားမှု) စသောအားငါးပါးပြည့်စုံဖို့ပင်ဖြစ်သည်။ (၂)နာရီကျင့်စဉ်အတိုင်းစိတ်ကို ကမ္မဋ္ဌာန်းအာရုံဖြစ်သော ထိချက်၌ မြဲလျှင် ဒုတိယကျင့်စဉ် ဘောင်ချိန်ကျင့်စဉ်ကို (၂)နာရီ အပြည့် ကျင့်ပါ။ ထိုဘောင်ချိန်ကျင့်စဉ်ကိုလည်း (၁၅)ကြိမ်လောက်စနစ်တကျကျင့်ပါ။ ထိုဘောင်ချိန် ကျင့်စဉ်သည် တစ်ကြောင်းတည်းသော ကျင့်စဉ် ဖြစ်သည်။ မကြေညက်သော်မှ ကျင့်စဉ် နည်းစနစ် ဗဟုသုတရရန်နှင့် သတိ ဝိရိယ အားကောင်းရန် အထောက်အပံ့ ဖြစ်သည်။ ထိုဘောင်ချိန်ကျင့်စဉ်ကို သဘောကျပါကရုပ်နာမ်ကွဲသည်အထိကျင့်ပါ။ အကယ်၍ မကျင့်လိုပါက ဘဝင်ပိုင်းကျင့်စဉ် ၁-၂ ကိုဆက်ကျင့်ပါ။ ထိုဘဝင်ပိုင်းကျင့်စဉ်ကို မဖြစ်မနေ အောင်မြင်အောင်ကျင့်ရပါမည်။ ဘဝင်ပိုင်း ကျင့်စဉ် လျောင်းကမ္မဋ္ဌာန်းကို (၃)နာရီ အထိကျင့်ပါ။ ရှုကွက်မှန်သွားလျှင် သေခြင်းဆင်းရဲမှ လွတ်မြောက်သည့်နည်းလမ်းကို သင်ကိုယ်တိုင် သိသွားပါလိမ့်မည်။ ထိုကျင့်စဉ်မှ အရိုးစု၊ အသုဘ၊ ဓါတ်လေးပါး ကမ္မဋ္ဌာန်း တို့ကို လေးပါးသော ဣရိယာပုထ် ဖြင့် လက္ခဏာ (၃)ပါး ပွားများ ရှုနိုင်ပြီဖြစ်သည်။ ဝေဒနာမှ တဏှာသတ်ကျင့်စဉ်ကို ဆက်လက်ကျင့်နိုင်သည်။ ထိုကျင့်စဉ်ကိုကျင့်နေစဉ် ရှု့ကွက် ရှင်းတမ်းကို နားလည်အောင်နာယူပါ။ (၉)ရက်စခန်း နိဗ္ဗာန်လမ်း စာအုပ်ကိုလည်းဖတ်ပါ။ ချမ်းသာစစ် ချမ်းသာမှန်ဆိုသည်မှာ သင်၏ စိတ်ထဲ၌ရှိသော မီးတောက်လောင်စေသော တဏှာနှင့် မီးနှင့်တူသော ဒိဌိ၊ ဒေါသ၊ လောဘ၊ စသော အကုသိုလ်တို့ ချုပ်ငြိမ်းမှု့ပင်ဖြစ်သည် ကိုနားလည်ပါ။ ဘယ်နှိုင်ငံပဲ ရောက်ရောက်၊ ဘယ်လောက်ပဲပြည့်စုံပြည့်စုံ၊ ဘယ်လောက်ပင်အားကောင်းသော အခြံအရံနှင့် ထားထား ၎င်းအကုသိုလ်တရားများ မပယ်နှုတ်နိုင်ပါက သေလျှင်မိမိခန္ဓာ အတွင်းမှာရှိသော အထက်ပါ အကုသိုလ်တို့က ပြင်းထန်စွာ ပူလောင်ပြီး အကျဉ်းအကျပ်ဖြစ်စေကာ ရက်စက် သတ်ဖြတ် ခံရမှုဖြင့် သေရမည်မှာမလွဲပေ။ သင်၏ခန္ဓာသည် ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်သည်ကို မမေ့ပါနှင့်။ အသေမဦးမီ ပညာ လက်ဦးမှု ရဖို့လိုသည်။ မသေမီ နည်းကောင်းနှင့် ကြိုတင်ပြင်ဆင်ထားမှဖြစ်မည်။ တရားဆိုသည်မှာ စိတ်ငြိမ်နေခြင်းလည်း မဟုတ်၊ပစ္စုပ္ပန် စိတ်ထိန်း၍ ငြိမ်နေခြင်းသည် မီးခဲပြာဖုံးသလို လေမတိုက်မီ မီးတောက်ငြိမ်းသည့်သဘောဖြစ်ပြီး လေတိုက်လျှင် မီးထတောက်လိမ့်မည်။ အာသာဖြေသော အနေဖြင့် (၁)နာရီ လောက် အချိန်အတွင်းမှာ  တရားကျင့်နေစဉ် ခန္ဓာ ဒုက္ခမှ သက်သာအောင် ခန္ဓာကိုယ်အား ပြုပြင်ပေးနေသေးလျှင် ခနချမ်းသာ သာဖြစ်ပြီး သေလျှင် ပြင်းထန်စွာ နာလိမ့်မည်။  သင်၏ ခန္ဓာသတ်သည့်အခါ သင်သိပါလိမ့်မည်။ တရားကျင့်သည်ဆိုသည်မှာ အသေတက်ဖို့ပင် ပထမအဆင့်ဖြစ်သည်။

 

(၂) အခြေခံဝိပဿာနာကျင့်စဉ်ရှင်းတမ်း - Mp3

များသောအားဖြင့် ဘုရားခန်းရှေ့ ၌လည်းကောင်း၊ ဓမ္မာရုံထဲ၌ လည်းကောင်း ငုတ်တုတ်ထိုင် တရားကျင့်လျှင် တရားကျင့်နေတယ်ဟု ယူဆသူ များကြ၏။ တရားပြဆရာတို့ တရားပြတိုင်း တရားကျင့်သည်ဟု ယူဆသူများကြသည်။ တရားကျင့်စဉ်နှင့် မလျော်ညီက တရားထိုင်တိုင်း တရားမရပါ။ အရေအတွက်နှင့် ပါရမီမျှသာ ရပါမည်။ လက်တွေ့ တရား မကျင့်မီ ကျင့်စဉ်၏ အစ အလယ် အဆုံး အဆက်အစပ် နှင့်တကွ ပြည့်စုံရမည် ထောက်ပံ့မှုများ အဓိပ္ပါယ် ဖွင့်ဆိုမှုများ ကြိုတင် သိထားရမည်။ လိပ်စာ အမှန်သိမှ လိုရာသို့ ရောက်နိုင်သကဲ့သို့ ဖြစ်သည်။ လမ်းပေါ်လျှောက်တိုင်း လိုရာရောက်သည် မဟုတ်ပါ။ ၎င်းဓာတ်ပြားသည် တရားစကျင့်သော ယောဂီများအတွက် အထက်ဖော်ပြပါ အချက်များကို ဟောကြားပို့ချထားသည်။ တရားကျင့်ခါနီး အနီးကပ်အဓိပ္ပါယ်ဖွင့်ဆို လမ်းကြောင်းပေးထားခြင်းဖြစ်သည်။  ၎င်းဓာတ်ပြားနှင့် အိမ်တွင်း ဝိပဿနာ ကျင့်စဉ်တွဲကျင့်ပါ။

 

(၃) အထွေထွေနာကြားစရာ -Mp3

၎င်းတရားတော်များသည် သံဝေဂဉာဏ်နှင့် သဒ္ဓါတရားတိုးပွားစေခြင်း၊ စိတ်ထား ငြိမ်းချမ်း စေခြင်း၊ ဝိပဿာနာဉာဏ် ထက်မြတ်စေခြင်းများ ပါဝင်သဖြင့်လူကြီးလူငယ် နာကြားသင့်သော တရားတော်များဖြစ်သည်။

 

(၄) ၉ ရက်စခန်းနိဗ္ဗာန်လမ်းစာအုပ်

၎င်းစာအုပ်သည် အခြေခံ ဝိပဿာနာ ကျင့်စဉ်များ၏ လက်တွေ့ကျင့်စဉ်နှင့် ကျင့်ကြံရာတွင်လိုအပ်သည့် အထောက်အကူဖြစ်ရန် ဥပမာများ ဆောင်ကာ လမ်းညွှန် ရှင်းပြထားခြင်းဖြစ်သည်။ လက်တွေ့ကျင့်စဉ်များကို ၎င်းစာအုပ်နှင့် ညှိုနှိုင်းပြီးတရားကျင့်ပါ။

 

(၅) အပမာဒ ဆုံးမစာအုပ်ငယ်

စာအုပ်ငယ်များကို အမှတ်စဉ် (၆) အထိ  အတိုချုံး ရေးသားထားသည်။ လူကြီးလူငယ်မရွေး သတိသံဝေဂရစေ၍ စိတ်ထား ရိုင်းစိုင်း ကြမ်းတမ်းမှုများ နူးညံ့သွားစေသော အကျိုးတရား ရရှိပါသည်။ အသိတစ်လုံး အမြတ်ဆုံး ဆိုဘိသကဲ့သို့ အမြတ်ဆုံးသော အသိများရစေပါသည်။ မှန်ကန်သော အသိမရှိသဖြင့် လူမှုရေး အိမ်ထောင်ရေး စီးပွားရေး များ ပျက်စီး ဆုံးရှုံးစေပါသည်။ အရေးအကြီးဆုံးသော အသိမှာ သေခြင်းဆင်းရဲမှ လွတ်မြောက်သော အသိနှင့် သံသရာ ဘေးဒုက္ခ အပေါင်းမှ လွတ်မြောက်စေသော အသိတို့ ပင်ဖြစ်သည်။ အသိမှန် အမြင်မှန်ရှိက အထက်ပါ ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေသည့် အပြင် လူအများ၏ ကောင်းချီးသြဘာ ပေးစေသော လူတော်လူကောင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုသို့ အကျိုးရှိရန် ဤဓမ္မလက်ဆောင် စာအုပ်ငယ်များသည် ကောင်းသော အသိပေးစရာများကို သိပ်သည်းကျစ်လစ်စွာ အနှစ်ချုပ်ရေးသားထားသည်။

 

(၆) သောတပတ္တိမဂ်ရှုဖွယ်စာအုပ်

၎င်းစာအုပ်ကို အခန်း (၅)ခန်း ဖြင့် ရေးသားတင်ပြထားသည်။

အခန်း(၁)

အခန်း(၁)သည် တရားကျင့်သော ယောဂီတို့အတွက် တရားရှုရာပရမတ် ရုပ်နာမ်တို့၏ သဘောသဘာဝနှင့် ရုပ်နာမ်အဆက်အစပ်တို့ကို ပုံစံနှင့်တကွ ဖော်ပြထားသည်။ တရားကျင့်ကြသည့် ယောဂီများသည် များသောအားဖြင့် အထင်ရုပ်နာမ် မှန်းဆရုပ်နာမ် များကို တကယ်မြင်တွေ့ ရသည့် ရုပ်နာမ်များဟု မှားယွင်းစွာ စွဲလမ်းနေကြသည်ကို မသိကြပေ။ တံလျက်ကို ရေထင်သည့်ပမာ ဖြစ်နေကြသည်။ ထိုကဲ့သို့ ရုပ်နာမ် အစစ်နှင့် အတု ခွဲခြားသိရန် ရုပ်နာမ်တို့ ၏ သဘောသဘာဝ အဆက်စပ်ကို ပုံစံနှင့်တစ်ကွ ဖော်ပြပြီး သဘာဝလက္ခဏာနှင့် အဆက်အစပ်ကို တင်ပြထားသည်။

အခန်း(၂)

အခန်း(၂)သည် တရားမကျင့်မီ ယောဂီအတွက် တရားကျင့်ရာတွင် သိသင့်သိထားထိုက်သော အဓိပ္ပါယ် ဖွင့်ဆိုမှုများ၊ တရားကျင့်သော ယောဂီတို့ ၏ လိုက်နာရမည့် စည်းကမ်းများ၊ တရားကျင့်စဉ် သဘောတရားများနှင့် ကျင့်စဉ် အစ ရွေးချယ်ပုံများကို ရေးသားထားသည်။

အခန်း(၃)

အခန်း(၃)သည် မဂ်ဖိုလ်ရောက်သည့်တိုင်အောင် ကျင့်မည့်ပုဂ္ဂိုလ်များအတွက် ကျင့်စဉ်များအား အဆင့်ဆင့်ကျင့်စဉ် တက်ပုံများကို အသေးစိတ် အဓိပ္ပါယ် ဖွင့်ဆို ရေးသားထားသည်။ ကျင့်စဉ်တက်ရာတွင် တွေဝေမှုမရှိရအောင် ဘုရားဟောဒေသနာနှင့်တကွ စပ်ဟပ်၍ ရှင်းပြထားသည်။ အကျယ်သိလိုရန် ဥပမာများနှင့် ရေးသားထားသည်။ တရားကျင့်သည်ဆိုသည်မှာ ဦးတည်မိရာကျင့်၍မရပါ။

ငုတ်တုပ်ထိုင်ပြီး ရှူရှိုက်ခြင်း မှတ်ခြင်း လုပ်နေတိုင်း တရားမဟုတ်ပါ။ နည်းလမ်းမမှန်က လမ်းလျှောက်ရင်းလမ်းပျောက်နေ ဘိသကဲ့သို့ ဖြစ်တတ်သည်။ ဦးတည်ရာပန်းတိုင် မရှိပဲ လျှောက်နေပြန်လျှင်လည်း ပင်ပန်း၍ အချိန်ကုန်တတ်သည်။ ထို့ကြောင့် ကျင့်စဉ်အစ အလယ် အဆုံးကို လှေကားတထစ်ခြင်း အဆင့်ဆင့်တက်ဘိသကဲ့သို့ ဤကျမ်းစာအုပ်၌ ကျင့်စဉ်အစမှ အဆုံးအထိ ကျင့်စဉ်များကို ရေးသားထားသဖြင့် ဒီဘဝမှာ အရိယာမဂ်တိုင်အောင် ကျင့်လိုသူများအတွက် မဖြစ်မနေ လိုအပ်သည့် ကျမ်းစာအုပ် ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

အခန်း(၄)

အခန်း(၄)သည် အမှန် ပေါက်မြောက်အောင်မြင်ပြီးသော ယောဂီတို့ ရှုမြင်ရမည့် ရုပ်နာမ် သဘာဝတို့ ကို ဝိပဿာနာဉာဏ်ဖြင့် ရှုမြင်ပုံများအား ရေးသားထားသည်။ တရားတွေ့သည် မြင်သည်ဟုဆိုကြရာဝယ် အထင်ဖြင့် မှန်းဆတွေ့ပုံနှင့် အမှန်မြင်တွေ့ပုံတို့ ခြားနားပုံကို ဤအခန်း၌ရေးသားထားသည်။ မိမိတရားတွေ့မှုမှန်မမှန် သိလိုပါက ဤအခန်း၌တင်ပြပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

မဂ်အတု၊ ဉာဏ်အတုနှင့် ဘဝမဆုံးပါစေနှင့်၊ အမှန်မြင် ဉာဏ်မြင်တွေ့ရှိပုံကို ဤအခန်း၌ ဖတ်ရှုနိုင်မည်ဖြစ်သည်။

အခန်း(၅)

အခန်း(၅)သည် ရုပ်နာမ် တရားများကို အစဉ်လိုက်ရှုပြီး လောကီရုပ်နာမ်မှ လောကုတ္တရာ နိဗ္ဗာန်သို့ ကူးမြောက်သွားပုံ၊ လောကုတ္တရာ သမာဓိတည်ပုံနှင့် အရိယာမဂ်ကူးပုံ၊ မဂ်ကူးပြီး ပုဂ္ဂိုလ်တို့၏ သဘာဝနှင့် မဂ်ကူးပြီးကျန်သောမဂ်အတွက် ဆက်စပ်ပုံတို့ကို  ရေးသားတင်ပြထားသဖြင့် မဂ်ဉာဏ်၌တွေဝေမှုများ၊ မဂ်အတု မဂ်အစစ် ခွဲခြားသိလိုသူများ သံသယမရှိစေရန် အသေးစိတ်ရေးသားထား သည်ကိုဖတ်ရှုနိုင်မည်ဖြစ်သည်။

၎င်းစာအုပ်သည် တရားကျင့်လိုသော ယောဂီများအတွက် ဘဝကြင်ဖော်ပမာ ရှိထားသင့်သည့်စာအုပ်ဖြစ်သည်။ သင့်အတွက်အနှိုင်းမဲ့ ရတနာထုပ်လည်းဖြစ်သည်။ သင့်အတွက် သောတပတ္တိမဂ် ကူးမြောက်သည်အထိ ပံ့ပိုးပေးနိုင် ပါလိမ့်မည်။

ဤကျမ်းစာအုပ်ကို အနှစ်ချုပ် ကောက်နှုတ်တင်ပြထားခြင်းဖြစ်သည်။ အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

 

(၇) တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ စတင်တည်ထောင်မှုသမိုင်း အကျဉ်းချုပ်

(က) အောင်လံမြို့
(ခ) ပြည်မြို့
(ဂ) ပဲခူးတိုင်း၊ သနပ်ပင် မြို့ နယ်၊ အနောက် တံခွန်တိုင်
(ဃ) မင်္ဂလာဒုံ မြို့ နယ်၊ ကုန်းတလပေါင် စံပြကျေးရွာ
(င) ပုသိမ်ကြီး မြို့ နယ်၊ ရေတံခွန်တောင်
(စ) ဂျပန်နိုင်ငံ၊ မအဲဘရှိ မြို့ ။ (Akagi Meditation Center Theinngu 32 (Japan Branch))

 

(က) အောင်လံမြို့ တိုက်ခွဲ အမှတ် (၃၂)၊ သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ

တည်နေရာ။    ။ အောင်မင်္ဂလာ စက်ရုံရပ်ကွက်၊ အောင်လံမြို့၊ မကွေးတိုင်း
စတင်တည်ထောင်မှု။    ။ ခရစ် သက္ကရာဇ် (၂ဝဝဝ)ခုနှစ် ၊ မေလ တွင် စတင်တည်ထောင်သည်။ (၄.၁ဝ) ဧကကျယ်ဝန်းသည်။ ဥပဋ္ဌာက အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ သာသနာပြု လျက်ရှိသည်။

 

(ခ) ပြည်မြို့ တိုက်ခွဲ အမှတ် (၃၂)၊ စခန်းခွဲ (၁) သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ

တည်နေရာ။    ။ နဝဒေးရပ်ကွက်
စတင်တည်ထောင်မှု။   ။ ခရစ် သက္ကရာဇ် (၂ဝဝ၂)ခုနှစ် တွင် စတင်တည်ထောင်၍ (၂)ဧက ကျယ်ဝန်းပြီး ဥပဋ္ဌာက အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ သာသနာပြု လျက်ရှိသည်။

 

(ဂ) ပဲခူးတိုင်း၊ သနပ်ပင် မြို့ နယ်၊ အနောက် တံခွန်တိုင် တိုက်ခွဲ အမှတ် (၃၂)၊ စခန်းခွဲ (၂) သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ

တည်နေရာ။    ။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင် မြို့ နယ်၊ အနောက် တံခွန်တိုင် ကျေးရွာ
စတင်တည်ထောင်မှု။   ။ ခရစ် သက္ကရာဇ် (၂ဝဝ၄)ခုနှစ် တွင် စတင်တည်ထောင်၍ (၂ဝ)ဧက ကျယ်ဝန်းပြီး ဥပဋ္ဌာက အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ သာသနာပြု လျက်ရှိသည်။ တရားရိပ်သာ ဖွင့်နိုင်ရန် အတွက် လိုအပ်သော အဆောက်ဦးများ တည်ဆောက်ဆဲ ဖြစ်သဖြင့် တရားစခန်း မကျင်းပ နိုင်သေးပါ။

 

(ဃ) မင်္ဂလာဒုံ မြို့ နယ်၊ ကုန်းတလပေါင် စံပြကျေးရွာ တိုက်ခွဲ အမှတ် (၃၂)၊ စခန်းခွဲ (၃) သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ

တည်နေရာ။   ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်၊ ကုန်းတလပေါင် စံပြကျေးရွာ
စတင်တည်ထောင်မှု။   ။ ခရစ် သက္ကရာဇ် (၂ဝ၁ဝ)ခုနှစ် တွင် စတင်တည်ထောင်၍ (၂ဝ)ဧက ကျယ်ဝန်းပြီး ဥပဋ္ဌာက အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ သာသနာပြု လျက်ရှိသည်။

 

(င) ပုသိမ်ကြီး မြို့ နယ်၊ ရေတံခွန်တောင် တိုက်ခွဲ အမှတ် (၃၂)၊ စခန်းခွဲ (၄) သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ

တည်နေရာ။   ။ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့ နယ်၊ ရေတံခွန်တောင်
စတင်တည်ထောင်မှု။   ။ ခရစ် သက္ကရာဇ် (၂ဝ၁၃)ခုနှစ် တွင် စတင်တည်ထောင်၍ (၄)ဧက ကျယ်ဝန်းပြီး ဥပဋ္ဌာက အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ သာသနာပြု လျက်ရှိသည်။

 

(စ) ဂျပန်နိုင်ငံ၊ မအဲဘရှိ မြို့ ။ (Akagi Meditation Center Theinngu 32 (Japan Branch))

တည်နေရာ။    ။ Akagi Meditation Center, Akagi Yama 1711-1, Near Taiyo Den Hotel, Fujimi Machi, Maebashi City, Gunma Prefecture, Japan.
စတင်တည်ထောင်မှု။    ။ ခရစ် သက္ကရာဇ် (၂ဝ၁၃)ခုနှစ် တွင် စတင်တည်ထောင်၍ ()ဧက ကျယ်ဝန်းပြီး ဥပဋ္ဌာက အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း၍ သာသနာပြု လျက်ရှိသည်။

 

တရားစခန်းပွဲများ ကျင်းပပုံ

(၉) ရက်၊ (၁ဝ)ရက် စခန်းပွဲများကို ဝါပ ကာလ၌ ကျင်းပပြီး နာရီရှည်ကျင့်စဉ်များကို ဝါတွင်းကာလတလျှောက်လုံး ပြသည်။  ထိုကျင့်စဉ်များကို တိုက်ခွဲ အမှတ် (၃၂)၊ သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ (၉)ရက် (၁ဝ)ရက် စခန်းများ၌ အောင်မြင်ပြီးသူများကိုသာ ကျင့်ကြံစေသည်။ ထိုကျင့်စဉ်များသည် အရိယာမဂ်အတွက် ထောက်ပံ့သော စိတ္တဝိသုဒ္ဓိကျင့်စဉ်အဆုံး ကျင့်စဉ်များ ဖြစ်သည်။ ထို ဝါတွင်း ကျင့်စဉ် အစအဆုံး ကျင့်သော ယောဂီများကို အခကျေးငွေ မယူပဲ အစားကျွေး၊ တရားပေး ဖြင့် တရားပြသသည်။

ထိုနည်းတူစွာ ဝါပကာလတွင် ကျင်းပလျက် ရှိသော (၉)ရက် (၁ဝ)ရက် စခန်းများတွင်လည်း ယောဂီများကို အခကျေးငွေ မယူပဲ အစားကျွေး၊ တရားပေး ဖြင့် တရားပြသသည်။

 

(၈) ဆက်သွယ်ရမည့် လိပ်စာများ

တိုက်ခွဲ အမှတ်(၃၂)၊ သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ၊ စက်ရုံရပ်၊ အောင်လံမြို့ ။

ဖုန်း ဝ၆၉-၂ဝဝ၈၄၂။

 

တိုက်ခွဲ အမှတ်(၃၂)၊ သဲအင်းဂူ ဝိပသနာ ဓမ္မရိပ်သာ၊ ကုန်းတလပေါင် စံပြကျေးရွာ၊ မင်္ဂလာဒုံ မြို့ နယ်၊ ရန်ကုန်မြို့ ။

ဖုန်း ဝ၁ဝ-၃ဝဝ ၁၁၈၄၊

 

ဆရာတော် ဦးဓမ္မပါရဂူ ဖုန်း ဝ၉-၂၄၅ဝဝ၁၁

 

ရန်ကုန်မြို့

၁။ ဦးသန့် ဇင် - ဝ၉-၇၃၁ ၅၇ ၂၂၂
၂။ ဦးဝင်းတင် - ဝ၁-၆၃၅၁၆၂
၃။ ဗိုလ်မှူး သက်လှိုင် (ငြိမ်း) -
၄။ ဦးကျော်ဟိန်း - ဝ၉-၂ဝဝ၁၂၃၄
၅။ ဒေါ်စိန်အေး - ဝ၉-၅၁၃၅၂၃၄

 

ဂျပန်နိုင်ငံ၊ မအဲဘရှိမြို့

၁။ နွယ်နီ - ဝ၈ဝ-၅ဝ၇၈-၇၈၉၉

 

(၉) နှစ်စဉ် ပုံမှန်တရား စခန်းပွဲ ကျင်းပချိန်

၁။ အောက်တိုဘာလ (သီတင်းကျွတ်လဆန်း ၉ ရက်နေ့ ညနေ အဝင် - ၁ဝရက် စခန်း) - ရန်ကုန်မြို့ ၊ မင်္ဂလာဒုံ မြို့ နယ်၊ ကုန်းတလပေါင် စံပြကျေးရွာ။
၂။ နိုဝင်ဘာလ (တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့ ညနေ အဝင် - ၁ဝရက် စခန်း) - မန္တလေးမြို့ ၊ ရေတံခွန်တောင်။
၃။ ဒီဇင်ဘာလ (၂၁ ရက်နေ့ ညနေ အဝင် - ၁ဝရက် စခန်း) - ရန်ကုန်မြို့ ၊ မင်္ဂလာဒုံ မြို့ နယ်၊ ကုန်းတလပေါင် စံပြကျေးရွာ။
၄။ မတ်လ (ဆယ်တန်းစာမေးပွဲ ဖြေပြီး ၃ ရက် ညနေ အဝင် - ၉ရက် စခန်း) - ပြည်မြို့ ၊ နဝဒေးအရပ်။
၅။ ဧပြီလ (နှစ်ဆန်း တစ်ရက်နေ့ နောက်ဆုံးရက် အပါအဝင် - ၉ ရက် စခန်း) - အောင်လံမြို့ ။
၆။ မေလ (၁၇ ရက်နေ့ ညနေ အဝင် - ၁ဝ ရက် စခန်း) - ရန်ကုန်မြို့ ၊ မင်္ဂလာဒုံ မြို့ နယ်၊ ကုန်းတလပေါင် စံပြကျေးရွာ။
၇။ ဇွန်လ (ပထမပတ်) - မန္တလေးမြို့ ၊ ရေတံခွန်တောင်။
၈။ (ဝါကပ်မည့် ဝါဆိုလပြည့်နေ့ ညနေ အဝင်) - အောင်လံမြို့ ။

အထက်ဖော်ပြပါ တရားစခန်းရက်များ မတိုင်မှီ ကြိုတင်ရက် ကြေငြာပေးပါမည်။

ရတနာအောင် ကျောင်းတော်

မကွေးတိုင်း အောင်လံမြို့၊ တိုက်ခွဲအမှတ် (၃၂)  သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ။

09-24-50011

 

This email address is being protected from spambots. You need JavaScript enabled to view it.